မသမာမှုများနှင်ြ့ပည့်နှက်နေသောပြည်သူ့ဆန္ဒခံယူပွဲ

Saturday, May 17, 2008


မခင်မမမျိုးရဲ.ဘလော.ကနေခွင်.တောင်းပြီးကူးယူဖေါ်ပြပါတယ်။




မသမာမှုများနှင်ြ့ပည့်နှက်နေသောပြည်သူ့ဆန္ဒခံယူပွဲ

ပြည်သူ့ဆန္ဒခံယူပွဲ။

စကားလုံးလေးကား အလွန်ပင်လှပါသည်။ ကမ္ဘာ့သမိုင်းအဆက်ဆက်တို့၏ နိယာမတခုဖြစ်သော “အာဏာသည် ပြည်သူထံမှ သက်ဆင်းရမည်“ဆိုသည်ကိုပင် ရောင်ပြန်ဟပ်နေသကဲ့သို့ရှိသည်။ ဒီမိုကရေစီ သုခမိန်တဦးဖြစ်သူ Sir Moses Finley ပြောခဲ့ဖူးသည့် “ Democracy means rule by people: people themselves make the decisions ” ဆိုသည့် စကားစုလေးကိုလည်း ပြေး၍သတိရမိသည်။ ပြည်သူလူထုသည် မိမိတို့၏ ကံကြမ္မာကို ကိုယ်တိုင်ဆုံးဖြတ်နိုင်ခွင့်ရှိရမည်။ ရင်ထဲမှ ဆန္ဒများကို ပြည်သူ့ဆန္ဒခံယူပွဲများဖြင့် ဖော်ထုတ်နိုင်ကြမည်။ သို့သော်----သို့သော်-------။ နအဖစစ်အုပ်စုတို့ ကျင်းပမည့် ပြည်သူ့ဆန္ဒခံယူပွဲဆိုသည်မှာ ဒီမိုကရေစီ အနှစ်သာရများ ပါရှိပါ၏လော။ ပြည်သူလူထုသည် ရင်ထဲမှ ဆန္ဒမှန်ကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ခွင့် ရနိုင်ပါ၏လော။

ပြည်သူ့ဆန္ဒခံယူပွဲရလာဒ်ကား မေ (၁၀) ရက်တွင်မှ အဖြေထွက်မည်ဖြစ်သော်လည်း ကျင်းပသူ နအဖစစ်အုပ်စုတို့က ထောက်ခံပွဲ၊ အတည်ပြုပွဲ ဟုပင် ပြောင်ပြောင်တင်းတင်း ပြောနေသည်များ ရှိပါသည်။ တဘက်တွင် နအဖက နည်းမျိုးစုံသုံး၍ အတင်းအကြပ် ထောက်ခံခိုင်းနေသကဲ့သို့၊ အင်အယ်ဒီအပါအ၀င် အတိုက်အခံအင်အားစုများက ကန့်ကွက်မဲပေးရန် စည်းရုံးလှုံဆော်နေကြသည်။ အဘယ်ကြောင့် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းသည် ဤမျှအရေးကြီးနေရသနည်း။ နိုင်ငံတခု၏ အသက်သွေးကြောဟု ဆိုနိုင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ အရေးကိစ္စနှင့် ပတ်သက်နေ၍ ဖြစ်ပါသည်။ နအဖဘက်မှ အောင်နိုင်သွားပါက (၁၉၉၀) ရွေးကောက်ပွဲရလာဒ် ပျက်သွားမည်။ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကကဏ္ဍပြီးဆုံးသွားမည်။ အနိုင်ရ အင်အယ်ဒီပါတီ၏ အဆင့်အတန်း ပျက်ပြယ်သွားမည်။

သို့ရာတွင် ထိုအချက်များကြောင့် ကန့်ကွက်ရန် ဆိုနေကြခြင်း မဟုတ်ရပါ။ အတည်ပြုပေါ်ထွက်လာမည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် အနာဂတ်ဒီမိုကရေစီနိုင်ငံ၏ အခြေခံအုတ်မြစ်သာ ဖြစ်လာမည်ဆိုပါက ကန့်ကွက်ရန် အကြောင်းရင်း လုံးဝမရှိပါ။ (၉၀) ရွေးကောက်ပွဲတွင် လူထုက တာဝန်ကျေခဲ့ပြီ။ အင်အယ်ဒီတာဝန်ရှိသူများ နိုင်ငံရေးကျားကွက် မေ၇ွှ့တတ်၍သာ၊ စဉ်းစဉ်းစားစား- တွေးတွေးတောတော- ကြောက်ကြောက်လန့်လန့်- တွန့်တွန့်ဆုတ်ဆုတ်ပေါ်လစီကို ချမှတ်ကျင့်သုံးလိုက်၍သာ ဤမျှဇာတ်မျော သွားခဲ့ရခြင်းဖြစ်သည်။ လူထုတွင် ဤကိစ္စနှင့်ပတ်သက်၍ ဘာတာဝန်မှမကျန်တော့။ သို့ပေမယ့် လူထုအတွက် နောက်တကြိမ်အဖြစ် သမိုင်းပေးတာဝန်အသစ် တရပ်က ထပ်မံပေါ်ထွန်းလာသည်။ အကြောင်းရင်းကား နအဖတို့ စိတ်ကြိုက်ဆွဲထားသည့် ဖွဲ့စည်းပုံမူကြမ်းသည် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအုတ်မြစ်မဖြစ်လာပဲ၊ အာဏာရှင်စနစ်နှင့် ပြည်တွင်းစစ်အုတ်မြစ် ဖြစ်လာတော့မည့် အချက်ကြောင့် ဖြစ်သည်။

အချို့ကဆိုကြသည်။ စစ်တပ် (၁၀၀) ရာခိုင်နှုန်းအုပ်ချုပ်နေသည်မှ စစ်ဗိုလ်တမတ်သားသာ ပါတော့မည်ဖြစ်သည်မို့ နိုင်ငံရေး တိုးတက်မှုဖြစ်ကြောင်း၊ ဖွဲ့စည်းပုံဥပဒေ အတည်ပြုပြီးသည်နှင့် ရွေးကောက်ပွဲကျင်းပကာ ထွက်ပေါ်လာမည့်အစိုးရသည် အရပ်သားအစိုးရဖြစ်လာမည်ဖြစ်၍ ကောင်းမွန်ကြောင်း၊ နအဖစစ်အုပ်စုသည် political liberalization စတင်နေပြီဖြစ်ကြောင်း စသည်၊ စသည်။ မြန်မာစကား တခုရှိပါသည်။ နွားအလုပ်ကို နွားလုပ်၍ မြင်းအလုပ်ကို မြင်းလုပ်ရန် အဆိုရှိပါသည်။ ဒီမိုကရေစီစနစ်ကျင့်သုံးမည့် လွှတ်တော်များတွင် လူထုကို ကိုယ်စားပြုရန် လူထုက ရွေးကောက်ထားသူများသာ ပါဝင်သင့်ပါသည်။ မည်သို့သော အကြောင်းနှင့်မျှ တမတ်သားပါစရာ အကြောင်းမရှိပါ။ ဤသည်မှာ နိုင်ငံရေးတိုးတက်မှုမဟုတ်။ အမျိုးသားရေး၊ နိုင်ငံရေး အန္တရာယ်သာဖြစ်ပါသည်။ အရပ်သားအစိုးရဟု ဆိုရာတွင်လည်း ရှိသမျှ ပြည်ထောင်စုလွှတ်တော်၊ ပြည်နယ် (သို့) ဒေသလွှတ်တော်များတွင် တပ်မတော်အရာရှိများမှ ၀င်ရောက်စွက်ဖက်ချယ်လှယ်နိုင်ခွင့်ရှိစေရန် ရေးဆွဲထည့်သွင်းထားသဖြင့် စစ်မှန်သော၊ လူထုကို ကိုယ်စားပြုသော အရပ်သား အစိုးရ လုံးဝဖြစ်လာနိုင်မည် မဟုတ်ပါ။

ထိုနည်းတူစွာပင် political liberalization ရှိလာပြီ ဆိုခြင်းနှင့် ပတ်သက်၍ လည်း ဆိုစရာရှိလာပါသည်။ နိုင်ငံရေးသီအိုရီအရတော့ ဆန္ဒခံယူပွဲကျင်းပခြင်း၊ ရွေးကောက်ပွဲပြုလုပ်ခြင်းဆိုသည့် အချက်များသည် liberalization ဖြစ်ပေါ်ခြင်းတွင် အကျုံးဝင်ပါသည်။ ထိုသို့ဖြစ်စေရန်လည်း နအဖတို့ အကြံကြီးကြံထားခြင်း ဖြစ်ပါသည်။ သို့ပေမယ့် political liberalization တကယ်ဖြစ်မဖြစ်ဆိုသည်မှာ အဆိုပါ ဆန္ဒခံယူပွဲများ၊ ရွေးကောက်ပွဲများကို မည်သို့မည်ပုံ တရားမျှတစွာ ကျင်းပခဲ့သနည်း ဆိုသည့် အချက်ပေါ်တွင် မူတည်ပါသည်။ နိုင်ငံရေးပညာရှင် ဒေးဗစ်ပေါ်တာဆိုသူက political liberalization ဖြစ်ခြင်းသည် ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်လမ်းကြောင်းပေါ်သို့ ရောက်ချင်မှ ရောက်နိုင်မည်ဖြစ်ပြီး၊ အာဏာရှင်စနစ်သို့ အချိန်မရွေး ပြန်လည်ရောက်ရှိနိုင်မည် ဟု ဆိုထားပါသည်။ ဂိမ်းသီအိုရီနှင့် ချိန်ထိုးကြည့်လျှင်လည်း political liberalization မှ initial transition to democratization ဖြစ်လာစေရန် ကြားတွင် ဖြစ်စဉ် အဆင့်ဆင့်ရှိနေပြီး၊ အခန့်မသင့်ပါက Status-quo dictatorship (SDIC), Broadened Dictatorship (BDIC), insurrection စသည်များ သာ ပေါ်ထွက်ပြီး၊ ဒီမိုကရေစီလမ်းကြောင်းမှ သွေဖည်သွားနိုင်ပါသည်။ သို့ဖြစ်၍ လက်ရှိကျင်းပမည့် ဆန္ဒခံယူပွဲသည် ဒီမိုကရေစီလမ်းကြောင်းကို ဖော်ဆောင်မည့် political liberalization တရပ်ဖြစ်ကြောင်း အဆိုမှာ မှားယွင်းပါသည်။

ထို့ထက်ပို၍ ဆိုးသည့်အချက်ကား နအဖဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းရင်းသားများအရေးနှင့် ပတ်သက်၍ အမှန်တကယ်ကျင်းသုံးရမည့် စနစ်များမထည့်သွင်းပဲ လူမျိုးကြီးဝါဒကိုသာ ဇောင်းပေးထားခြင်းဖြစ်ပါသည်။ Intra- state conflict ရှိနေသော မြန်မာပြည်ကဲ့သို့သော တိုင်းပြည်မျိုးသည် ဖယ်ဒရယ်ပြည်ထောင်စုစနစ်နှင့်သာ ကိုက်ညီပြီး၊ ထိုစနစ်ကသာ ပြည်တွင်းစစ်မီးများကို ငြိမ်းသတ်၍ ငြိမ်းချမ်းရေးကို ပံ့ပိုးပေးနိုင်ပါသည်။ နိုင်ငံတော်ကြီးအစိတ်စိတ်အမြွာမြွာပြိုကွဲမည်စိုး၍ တပ်မတော်မှ အမျိုးသားဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ရခြင်း ဆိုသည်မှာ စေတနာမှန်သည်ဆိုလျှင်တောင် ဆေးမြီးတိုနှင့် ကုခြင်းအဆင့်သာရှိပါသည်။ ရောဂါဇစ်မြစ်ကို မရှာဖွေပဲ ဆေးကုလျှင် အနာနှင့် ဆေး တခြားစီသာ ဖြစ်ပေလိမ့်မည်။ လွတ်လပ်ရေးရပြီး ကာလတွင် အဘယ်ကြောင့် စစ်ပွဲတွေ ဖြစ်ခဲ့ရသနည်း။ တပ်မတော်အခန်းကဏ္ဍ အဘယ်ကြောင့် ကြီးလာခဲ့ရသနည်း။ နိုင်ငံတခု၏ တည်ဆောက်ပုံ စနစ် (State-formation system ) မှားခဲ့၍ ဖြစ်ပါသည်။ ထိုအမှားကို မပြင်ပဲ မည်သည့်အခါတွင်မျှ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်၍ မရပါ။ ပြည်နယ်လွှတ်တော်၊ ဒေသလွှတ်တော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဇုန် ဦးစီးအဖွဲ့များ ဖွဲ့စည်းပုံဥပဒေတွင် ထည့်သွင်းထားရုံနှင့် တိုင်းရင်းသားလူမျိုးများအရေးပြဿနာ ပြီးသွားမည် မဟုတ်ပါ။ လူမျိုးစုစစ်ပွဲများ အချိန်မရွေး ပြန်လည်ပေါ်ပေါက်လာလိမ့်မည်။

ထိုသို့သော ပြဿနာမီးပွား ဖွဲ့စည်းပုံအခြေခံဥပဒေကြီးအား ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပ၍ လူထုအတည်ပြုချက် ရယူရန် စစ်အုပ်စုက ကြိုးပမ်းနေပါသည်။ မက်လုံး၊ ဆွယ်လုံး၊ ချောက်လုံး နည်းမျိုးစုံသုံး၍ ထောက်ခံမဲရရန် ကြိုးပမ်းကြသည်။ မတရားမှုများ၊ မသမာမှုများ ပြည့်နှက်နေသည့် ဆန္ဒခံယူပွဲ ဖြစ်သဖြင့် Boycott လုပ်သင့်သည်မှန်သော်လည်း၊ နအဖထုတ်ပြန်လိုက်သည့်ဥပဒေများ၊ ဆန္ဒခံယူပွဲကျင်းပပုံ နည်းလမ်းများ၊ အခင်းအကျင်းများက မဖြစ်မနေမဲပေးရန် အကျင်းအကြပ် လမ်းကြောင်းထဲသို့ ရောက်သွားသည်။ ပေးသည်ဆိုမှတော့လည်း သမိုင်းတရားခံမဖြစ်ရန် ကန့်ကွက်မဲထည့်ရန်သာ ရှိတော့သည်။ ကန့်ကွက်မဲများဘက်မှ အနိုင်ရပါက အဆုံးသတ်တိုက်ပွဲအဆုံးအဖြတ်တော့ ဖြစ်လာနိုင်ချေမရှိပါ။ သို့ပေမယ့် နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ လူထု၏ အင်အား၊ လူထု၏ တိုက်ပွဲခေါ်သံကို အရှိန်ယူမြှင့်တင်နိုင်ပါသည်။ တိုက်ပွဲဒီရေတက်လာစေရန် မည်သို့မည်ပုံ ဆောင်ရွက်သင့်ကြောင်း ယခုအချိန်ကတည်းက မဟာဗျူဟာများ၊ လက်တွေ့လုပ်ငန်းစဉ်များ ချမှတ်ပြင်ဆင်ထားရမည်ဖြစ်သည်။

အမှန်တော့ နအဖစစ်အုပ်စုသည် ပြည်သူကို အလွန်ကြောက်နေပါပြီ။ ပြည်သူ့ဆန္ဒခံယူပွဲတွင် ပြည်သူလူထုမှ ကန့်ကွက်မဲထည့်ကြမည်ကိုလည်း ကြိုတင်သိနေကြပါသည်။ သို့ဖြစ်၍သာ ဆန္ဒခံယူပွဲနှင့် ပတ်သက်သော မတရားမှုများ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ အဖြေမထွက်ခင်ကပင် ထောက်ခံပွဲ၊ အတည်ပြုပွဲဟု ပြောဆိုသုံးနှုံးကြပါသည်။ အတည်ပြုမှသာ ပြုလုပ်ရမည့် ရွေးကောက်ပွဲအား မည်သည့်အချိန်တွင် ပြုလုပ်မည်ဟု ကြိုတင်ကြေငြာထားပါသည်။ ဆန္ဒခံယူပွဲမလုပ်ခင် တလအကြိုတွင်မှ မူကြမ်းကို လူသိရှင်ကြား ပြုလုပ်ပါသည်။ မူကြမ်းများ လူထုထဲသို့ အလွယ်တကူ မရောက်စေရန် အကန့်အသတ်နှင့်သာ ရောင်းပါသည်။ ဆန္ဒခံယူပွဲ ပြုလုပ်မည့်ရက်အတိအကျကို ပြုလုပ်ရန် ကြေငြာစဉ်၌ မထုတ်ပြန်ရဲပါ။

မူကြမ်းအား ဝေဖန်ဆွေးနွေးပြောဆိုခွင့်ကို ပြည်သူလူထုကိုသာမက အတိုက်အခံပါတီများကိုပင် ခွင့်မပေးပါ။ ဆန့်ကျင်ပြောဆိုပါက ထောင်သုံးနှစ်အထိ ပြစ်ဒဏ်ချမည်ဟုပင် ဥပဒေထုတ်လိုက်သေးသည်။ ဆန္ဒခံယူပွဲကော်မရှင်တွင် ပါဝင်သူများအားလုံးသည် နအဖစစ်အုပ်စုဝင်များ၊ လက်ကိုင်ဒုတ်အဖွဲ့အစည်းများမှ အဖွဲ့ဝင်များသာ ဖြစ်နေသည်။ အတိုက်အခံပါတီများ၊ နိုင်ငံတကာနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ စောင့်ကြည့်မည့်သူများကို စောင့်ကြည့်ခွင့် မပေးပါ။ လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များမှ စစ်သည်များ၊ အိမ်ထောင်သည်မိသားစုများကို စောင့်ကြည့်မှုများရှိနေသည်။ ပြည်သူလူထုကိုလည်း လုံခြုံရေးကိရိယာများ တပ်ဆင်မည်အကြောင်းပြ၍ မဲရုံတွင်းတွင်ကန့်ကွက်မဲ မပေးရဲစေရန် ကြိုတင်တပ်လှန့်ထားသည်။

ဝန်ထမ်းများအား ထောက်ခံမဲများပေးစေရန် ၀န်ကြီးများ၊ တပ်မမှူး၊ တပ်ရင်းမှူးများအဆင့်များကပင် လိုက်လံစည်းရုံးဟောပြောနေကြသည်။ သက်ဆိုင်ရာနယ်မြေအလိုက် တာဝန်ရှိသူ ၀န်ကြီးများ၊ တပ်မှူးများ၊ ကြံ့ဖွတ်များအား ထောက်ခံမဲရစေရန် တာဝန်ခံခိုင်းထားပြီး၊ ကန့်ကွက်မဲဖြစ်ပါက အရေးယူမည် ဟုပင် ကြိမ်းမောင်းထားသည်။ မက်လုံးမျိုးစုံဖြင့် မြှူဆွယ်ခြင်းများကိုလည်း ပြုလုပ်နေကြသည်။ နိုင်ငံသားမဟုတ်သူများကိုပင် ယာယီနိုင်ငံသားပေး၍ ထောက်ခံမဲရစေရန် ပြုလုပ်နေကြသည်။ သေဆုံးပြီးသူများကိုပင် မဲပေးရန် စာရင်းတွင် ထည့်ထားသည်ဆိုတော့ ကမ်းကုန်နေပြီ ဖြစ်သည်။ စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်၍ ငြိမ်းအေးရာ ဘုံဘ၀ရောက်နေသူများပင် မလွတ်တော့ပါလား။ ဒါတောင် မဲအရေအတွက်ကိုပဲ ပြရမည်ဆိုသောကြောင့် တော်သေးသည်။ ထောက်ခံသူလူများကိုပါ ပြသရန်လိုအပ်သည်ဆိုပါက ရင်ခွဲရုံမှ အလောင်းများပင်လျှင် ကောင်းကောင်းနေရပါမည်လားမသိ။ လူတွေကြားညှပ်ပြီး၊ အသက်ရှိလူကဲ့သို့ ပြုလုပ်ပေလိမ့်ဦးမည်ထင်သည်။

မည်သို့ဆိုစေ၊ နအဖစစ်အုပ်စုတို့သည် မသမာသော နည်းမျိုးစုံဖြင့် ဆန္ဒခံယူပွဲရလာဒ်အား အတည်ပြုမှု မဖြစ်ဖြစ်အောင် လုပ်မည်ကတော့ သေချာသည်။ ထိုသို့ပြုလုပ်ပါက ကန့်ကွက်မဲပေးပွဲမှသည် လူထုအရေးတော်ပုံအဆင့်ထိ တက်လှမ်း၍ မသမာမှုကို ၀ိုင်းဝန်းဆန့်ကျင်ကြရန် လိုအပ်သည်။ ဖွတ်ကို ဖွတ်မြီးနှင့် ချည်သည်ကတော့ ဟုတ်ပါသည်။ သို့ပေမယ့် ဖွတ်မရပဲ ဓားမပါဆုံးသည့် အဖြစ်မျိုး မဖြစ်စေရန်အတွက်တော့ တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိများ ဆက်လက်ရှိနေစေရန် လိုအပ်လှပါကြောင်း။

0 comments: