မုန်တိုင်းအလွန် - ရန်ကုန် က ဒိုင်ယာရီ ၂

Saturday, May 10, 2008
မေ ၉၊ ၂၀၀၈

သူငယ်ချင်း ဟေမန်သဇင်

ရန်ကုန်စစ်မျက်နှာကနေ ငါ စာရေးလိုက်တယ်။

နင် နေကောင်းရဲ့လား။ ငါရေးလိုက်တဲ့ ပထမစာကို ဖတ်ပြီး စိတ်မကောင်း ဖြစ်နေသလား။ နင်တို့ အဝေးကလှမ်းပြီး စိတ်ပူနေရမှာ စိုးသလို ဒီမှာ ဖြစ်နေတဲ့ အခြေအနေတွေကိုလည်း အမှန်အတိုင်း သိစေချင်နေတယ်။ နင် ဆက်ဖတ်ပေးပါဦး။

မနေ့က ငါ့အဖေက လူတယောက်လွှတ်ပြီး မှာလိုက်တယ်။ သူ့ဆီကို အမြန်ဆုံး လာခဲ့ပါတဲ့။ ငါ့အဖေအိမ်ကို ငါ ရောက်သွားတော့ အဖေ့ရွာက အကို တယောက် ရောက်နေတယ်။ အဖေ့မျက်နှာနဲ့ အကို့ အရိပ်အခြည်ကို မြင်လိုက်ကတည်းက တစုံတရာ အကြီးအကျယ် မှားယွင်းသွားပြီဆိုတာ ငါ သိလိုက်တယ် ဟေမန်။

အကိုက ငါ့လက်ကို ဆုပ်ကိုင်ပြီး မျက်ရည်တွေနဲ့ ပြောတယ်။

“ရွာမှာ ဘာမှ မကျန်တော့ဘူး ညီလေး" တဲ့။


ငါ့စိတ်တွေ လေထဲမှာ ၀ဲပျံသွားပြီးတော့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ရွာကလေး တရွာကို ရောက်သွားခဲ့တယ်။ ချောင်းတလျောက် သွယ်တန်းနေတဲ့ အိမ်ကလေးတွေ၊ ဓနိတော၊ အုန်းတောနဲ့ မျက်စိတဆုံး လယ်ကွင်း စိမ်းစိမ်းကြီးတွေ၊ အဝေးက ဘုရားဆည်းလည်းသံနဲ့ ချောင်းထဲက တဘုတ်ဘုတ် မြည်နေတဲ့ မော်တော်သံ။ ကျောင်းဆင်းချိန်ဆိုရင် ရွာကျောင်းသားလေးတွေက ရွာရိုးတလျောက်မှာ အဖြူအစိမ်းလေးတွေနဲ့ စီရီလို့။ ဒီရွာမှာ ငါ့အဘေး ခေါင်းချခဲ့တာပေါ့။ ဒီရွာမှာ ငါ့အဘိုး နေသွားခဲ့တာပေါ့။ ဒီရွာမှာ ငါ့အဖေ ပညာသင်ခဲ့တာပေါ့။

ငါ့စိတ်တွေ စုစည်းပြီး သတင်းထောက် တယောက်ရဲ့ တာဝန်တွေကို ဆက်လုပ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်။

တကယ်တော့ ဒီလောက်ပြင်းထန်တဲ့ မုန်တိုင်းကြီး လာတော့မယ်ဆိုတာကို ရွာသားတွေ ကောင်းကောင်း မသိကြဘူး။ တိုက်မယ့်ညမှာ မြန်မာရုပ်မြင်သံကြားက ၀တ်ကျေတန်းကျေ ထိုးပေးတဲ့ သတင်းစာတမ်း တကြောင်း ကိုလည်း ရုပ်မြင်သံကြားစက်ရှိပြီး ကြည့်မိသူတချို့ပဲ နည်းနည်း သတိထားမိလိုက်ကြတယ်။ အကို တယောက်ပဲ ပညာတတ်လည်းဖြစ်ပြီး ရေဒီယိုလည်း ပုံမှန်နားထောင်သူ ဆိုတော့ RFA က ဘင်္ဂလားဒေ့ခ်ျနိုင်ငံရဲ့ နာဂစ်မုန်တိုင်းအပေါ်မှတ်ချက်ကို နားထောင်ရတဲ့အခါ ဒါဟာ အန္တရာယ်ပဲလို့ သိခဲ့တယ်။

မုန်တိုင်းရဲ့ လေထဲမှာ ရွာက အိမ်တွေအားလုံး ကျွတ်ထွက်ကုန်တယ်။ သစ်ပင်တွေ အားလုံး လဲကျတယ်။ ချောင်းထဲက ရေတွေ လျှံတက်လာပြီး လယ်ကွင်းတွေအားလုံး ရေကမ္ဘာဖြစ်သွားတယ်။ မနှစ်က ငါသွားတုန်းက ထမင်းဟင်းကို စိတ်ကြိုက်ချက်ကျွေးခဲ့တဲ့ ငါ့အဒေါ်ကြီး (ငါ့အဖေရဲ့ အမ) နဲ့ သူ့ခင်ပွန်း ၂ ယောက်စလုံး သစ်ပင်ပိပြီး သေဆုံးသွားတယ်။ ငါ့အမ၀မ်းကွဲ တယောက် မှောင်နဲ့ မည်းမည်းမှာ ကလေး ၂ ယောက်ကို သယ်ပြေးရင်း လေဆောင့် အတိုက်မှာ ကလေး ၂ ယောက်လုံး လက်လွတ်ပြီး ရေထဲကျပျောက်သွားခဲ့တယ်။ ငါ့တူလေး နဲ့ ငါ့တူမလေး …

ဟေမန်ရယ် … ဟေမန်ရယ် … ဟေမန်ရယ် …

ငါတို့မြန်မာပြည်ကြီးမှာ ငိုစရာ မျက်ရည်တောင် ကျန်သေးရဲ့လား ငါမသိတော့ပါဘူး။ ဒို့ တရွာလုံးမှာ ပြိုမသွားတဲ့ အိမ်ဆိုလို့ အကို့အိမ်တအိမ်ပဲ ကျန်ခဲ့တယ်။ တရွာလုံးက အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူတွေအားလုံး မတ်တပ်ရပ်နေကြရတယ်။ ချောင်းထဲမှာ လူသေ၊ ကျွဲနွားသေတွေက ပေါလော။ လယ်ကွင်း ရေဖွေးဖွေးမှာ ကောက်မနိုင်တဲ့ အလောင်းတွေက ပက်လက်။ သောက်စရာမရှိတဲ့အတွက် ငန်ပြီး နံနေတဲ့ ချောင်းရေကိုပဲ သောက်ကြရတယ်။ ပုပ်နေတဲ့ ကျွဲနွား အသေတွေကို ဖျက်စားကြတယ်။

ရန်ကုန်ဟာ စစ်မျက်နှာဆိုရင် ဧရာဝတီတိုင်းဟာ “ငရဲ” ပဲ … ဟေမန်။

ကယ်ဆယ်ရေးလား … ။ စားနပ်ရိက္ခာ ဝေငှဖို့ မပြောနဲ့၊ သေစာရင်း ကောက်မယ့်လူတောင် ရောက်မလာပါဘူး။ လူတွေဟာ အခုထက်ထိ ရေထဲမှာ နေ နေ ကြရဆဲ။ ငါ့အကိုက ပြောတယ်။

“လူတွေ ရေထဲမှာ ကြာနေပြီ။ တချို့အခုထိ မသေသေးဘူး။ ဒါပေမဲ့ သေမှာပါပဲ …” တဲ့။

ငါ့ ရင်တွေ ပွင့်ထွက်တော့မယ်။

ဒို့ရွာလေးဟာ ဒေးဒရဲမြို့နယ် အပိုင်ထဲက ဂွကြီး ကျေးရွာ အုပ်စုဝင် ရွာတရွာပါ။ ဒေးဒရဲ မြို့နယ်ထဲမှာ ကျေးရွာစု ၉၂ စု ရှိတယ်။ ဂွကြီးအုပ်စု တစုထဲမှာ လူ ၁၀၀ ကျော် အသက် ဆုံးရှုံးတယ်။ ကျေးရွာ အုပ်စု ၉၂ စု ပေါင်းဆိုရင် နင် မှန်းကြည့်ပေတော့။ ဒေးဒရဲမြို့နယ်ထဲမှာ သောကြာ၊ တံတား၊ တံတားချောင်၊ ကန်ဆိပ်နဲ့ ကျုံဟဲရွာတွေဟာ ရွာလိုက်ပျောက်သွားတယ်။ ငါ့အကို ခန့်မှန်းတယ်။ ဒေးဒရဲ တမြို့နယ်အတွင်းမှာ လူ ၁ သိန်း နီးနီး သေနိုင်တယ် တဲ့။

ဖျာပုံ၊ ဘိုကလေး မြို့နယ်တွေမှာလည်း ရွာလိုက် ပျောက်သွားတာတွေ အများကြီးပဲ။ “ကဇုံကနိ” တို့၊ “မိန်းမလှကျွန်း” တို့ဆိုတာ အင်မတန် နာမည်ကြီးတဲ့ ရွာကြီးတွေပေါ့။ အခုတော့ မြန်မာပြည်ရဲ့ စပါးကျီ မြစ်ဝကျွန်းပေါ်ဟာ နလန်မထူနိုင်အောင် ပျက်စီးသွားခဲ့ပြီ။ လူ သိန်းချီ သေဆုံးခဲ့ရပြီး လယ်ကွင်းအားလုံး ပျက်စီးသွားခဲ့ပြီ။ ရေချို မြစ် ချောင်း ကန်တွေထဲကို ရေငန်တွေ ၀င်ခဲ့ပြီ။ ဥယျာဉ် ခြံမြေတွေ လဲပြိုသွားခဲ့ပြီ။ ဘယ်တော့မှ နလန်ပြန်ထူတော့မှာ မဟုတ်ဘူးလို့ ငါ့အကိုက မျက်ရည်တွေနဲ့ ပြောခဲ့တယ်။

“ကယ်ဆယ်ရေး ကော? " လို့ နင်ထပ်မေးအုံးမလို့လား ဟေမန်။ ကျေးရွာတွေဘက်ကို ခြေဦးလုံးဝ မလှည့်လာတဲ့ အာဏာပိုင်တွေက ဖျာပုံမြို့ပေါ်မှာတော့ ခေါက်ဆွဲထုပ် နည်းနည်း ဝေပြတယ်။ မဝေခင်မှာ ကင်မရာတွေကို အကျအန ဆင်ကြတယ်၊ ဓာတ်ပုံသမားက "ရပြီ"လို့ အချက်ပြတာနဲ့ စ ဝေပြီး ခဏနေတော့ သိမ်းလိုက်ကြတာပေါ့။

ရန်ကုန်မှာလည်း ဒီလိုပါပဲ။ ဘယ်တုန်းကမှ ပေါ်မလာတဲ့ ယူနီဖောင်းတွေက ၅ ရက်နေ့ မနက်မှာ ရှိုးနဲ့ မိုးနဲ့ ပေါ်လာပြီး လဲကျနေတဲ့သစ်ပင်ကြီးတွေ အနားမှာ နေရာယူကြတယ်။ ကင်မရာတွေက မီးတွေလင်းပြီးသွားတဲ့အခါတော့ ကားပေါ်တက်ပြီး ပြန်ပျောက်သွားကြတော့တာပဲ။ ဗိုလ်တထောင် မြို့နယ်ရဲ့ တနေရာမှာတော့ ထရပ်ကားပေါ်က စစ်သားတွေ ဆင်းလာကြတယ်။ လူတွေက ရှင်းလင်းရေးလုပ်ဖို့လို့ ထင်ကြတယ်။ သူတို့က ပါတဲ့ ဓားတွေနဲ့ သစ်ကိုင်းတွေကို ထင်းအဖြစ် ခုတ်ပြီး ကားပေါ်တင်သွားကြတာ။ လမ်းပေါ်မှာ လဲကျ ကျန်နေခဲ့တဲ့ သစ်ပင်ကြီးက ခြေမဲ့ လက်မဲ့ တုံးလုံး ပက်လက်။

သတင်းစာတွေထဲမှာတော့ "ကယ်ဆယ်ရေး အကူအညီများ ထိရောက်စွာ စီမံ" ဆိုတဲ့ ခေါင်းစဉ်နဲ့ လမ်းရှင်းလင်းရေးတွေ လုပ်နေတဲ့ ပုံတွေပဲ ဖော်ပြနေကြတယ်။ မိုက်မဲတဲ့ မြန်မာ့အလင်းကတော့ အခြေအနေကို နားမလည်ဘဲ "မိုးဦးကျ ကာလမှာ လျှပ်စစ်မီးသုံးရင် သတိထား" တဲ့။ အောက်မြန်မာပြည်တခုလုံး ကျောက်ခေတ်ကို ပြန်ရောက်သွားချိန်မှာ ဘယ်လျှပ်စစ်မီးကို သတိထား သုံးရမှာလဲ။

သွပ်တွေ တချပ်ကို ၆,၀၀၀ ကနေ ၁၆,၀၀၀ ဖြစ်သွားတယ်။ အခု ၀ယ်လို့ မရတော့ဘူး။ ဧရာဝတီတိုင်းမှာ ဆန်တောင် ၀ယ်လို့ မရတော့ဘူး။ ဆန်ကွဲနဲ့ ရေစိုဆန်ပဲ ၀ယ်လို့ရတယ်။

ဘာလို့ ဒီလောက်တောင် ဖြစ်သွားရတာလဲလို့ နင်မေးချင်နေတာလား ဟေမန်။ ဒါမှမဟုတ် အစိုးရက ကြိုမသိဘူးလားလို့ မေးမလို့လား။

တကယ်တော့ ပါးနပ်တဲ့ ဗိုလ်ချုပ်တွေဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ ကိုယ်ပိုင်လေယာဉ် အပါအ၀င် သူတို့သုံးစွဲနေတဲ့ လေယာဉ်တွေအားလုံးကို တံတားဦး နိုင်ငံတကာလေဆိပ်ကို မပျက်စီးအောင် ကြိုပို့ထားပြီးသား …။ ပြီးတော့ ငါတို့ပြည်သူတွေကို ပြောတယ်။ … မစိုးရိမ်ပါနဲ့ … တဲ့။

သစ်ပင်ပိပြီး သေဆုံးသွားတဲ့ အဒေါ်

ရေထဲကို ကျသွားတဲ့ ငါ့ တူလေးနဲ့ တူမလေး …

ပြည်သူတွေ …

ပြည်သူတွေ …

ကလောင်ကို လွှတ်ချပြီး လက်နက်တစုံတရာကို ကောက် မကိုင်မိဘို့ ငါ ခက်ခက်ခဲခဲ ကြိုးစားနေရတယ် ဟေမန် … ။

နင့် ငါ့စာတွေ ဖတ်ချင်သေးရဲ့လား …။

နင့်သူငယ်ချင်း
သူ
ရန်ကုန်

0 comments: