ဒီမိုကရေစီရဲ.စံနှုံးများ

Friday, July 4, 2008
  ဒီနေ.ခေတ်မှာ ၁၉၈၈ ခုနှစ်ကစပြီးအခုအထိတစ်နိုင်ငံလုံးအုံးအုံးကြွက်ကြွက်ပြောနေ
ကြတဲ.ဒီမိုကရေစီရဲ.စံနှုံးသဘောတရားလေးတွေကိုပိတောက်မြေမှာဖတ်မိပြီးကြိုက်လို.
ပြန်တင်ထားလိုက်ပါတယ်။

ဒီနေ့ ဒီအချိန်မှာ ဒီမိုကရေစီစနစ်အား အကောင်းဆုံးအစိုးရစနစ်လို့ လူတွေလက်ခံထားကြ ပါတယ်။ ဒါ့ကြောင့်လဲ ၁၉၉၀ နောက်ပိုင်းမှာ တစ်ပါတီစနစ်နိုင်ငံတွေ၊ စစ်အာဏာရှင်နိုင်ငံတွေ စသည် စသည်တို့ဟာ ဒီမိုကရေစီစနစ်နဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲ ကျင့်သုံးခဲ့ကြတာပါ။ လေ့လာသူ များကတော့ ကမ္ဘာ့နိုင်ငံ ၁၉၀ ကျော်ရဲ့ ၆၀ % ဟာ ဒီမိုကရေစီစနစ်ကို ပုံစံအမျိုးမျိုးနဲ့ ကျင့်သုံးနေတယ်လို့ ခန့်မှန်းကြပါတယ်။ Community of Democracy အဖွဲ့ကတော့ နိုင်ငံပေါင်းတစ်ရာကျော်ဟာ ဒီမိုကရေစီပုံစံကို ကျင့်သုံးနေတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ စဉ်းစားဖို့ပေါ်လာတာက ဒီမိုကရေစီ စစ်တယ် မစစ်ဘူးဆိုတဲ့ မေးခွန်းပါပဲ။ ဒီအချက်ကို ဘာစံတွေနဲ့ တိုင်းမှာလဲဆိုတာ ပညာရှင်အများအမြဲတမ်း ကြံဆခဲ့ကြတာပါ။ တစ်ချို့ကတော့ ဒီမိုကရေစီစနစ်မှာပြည့်စုံသင့်တဲ့အချက်များကို (ဥပမာ။ လွတ်လပ်စွာ ပြောဆိုခွင့် စသည်ဖြင့်) တစ်ကနေ တစ်ဆယ်အထိ အမှတ်ပေးတဲ့ စနစ်နဲ့လဲ အကဲဖြတ်ကြပါတယ်။ တစ်ချို့ကတော့ ပါတီများရဲ့အခြေအနေ၊ မဲပေးမှုအခြေအနေစတာတွေနဲ့ အကဲဖြတ်ပါတယ်။ တစ်ချို့ ကြတော့လဲ ရွေးကောက်ပွဲနဲ့ တိုင်းတာကြပါတယ်။ ဒီလိုတိုင်းတာတဲ့အခါမှာ ပြဿနာက နိုင်ငံတစ်ခုနဲ့ တစ်ခု အခြေအနေမတူတာပဲ ဖြစ်ပါတယ်။ IDEA အဖွဲ့ကတော့ နိုင်ငံတစ်နိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို အကဲဖြတ်ရာမှာ အောက်ပါအချက်များကို ထည့်သွင်း စဉ်းစားရမယ် လို့ ဆိုပါတယ်-
တစ် ဒီမိုကရေစီစနစ်ဟာအဆင့်ဆင့်ပြောင်းလဲပေါ်ပေါက်တဲ့ဖြစ်စဉ်ဖြစ်တယ်။ အချိန်ယူရမယ်။ စိတ်ရှည် သည်းခံရမယ်။
နှစ်။ ရွေးကောက်ပွဲတစ်ခုတည်းနဲ့ ဒီမိုကရေစီကို အကောင်အထည်ဖော်လို့ မရဘူး။
သုံး။ ဒီမိုကရေစီကျင့်စဉ်များဟာ နှိုင်းယှဉ်ကျင့်သုံးနိုင်တယ်။ ဒါပေမယ့် ဆေးဖော်နည်းအတိကျမရှိဘူး။
လေး။ ဒီမိုကရေစီကို သက်ဆိုင်ရာလူ့ အဖွဲ့အစည်းအတွင်းကနေ စတင်တည်ဆောက်ရမယ်။
ငါး။ ဒီမိုကရေစီစနစ်ဟာ ပို့ကုန်လဲမဟုတ်ဘူး၊ သွင်းကုန်လဲမဟုတ်ဘူး။ ဒီမိုကရေစီစနစ် ပေါ်ပေါက်ဖို့အတွက် ပြင်ပက အထောက် အကူပေးတာပဲလုပ်နိုင်တယ်။
ဒီအယူအဆကနေ နိုင်ငံတစ်ခုရဲ့ နိုင်ငံရေးစနစ်ကို ဒီမိုကရေစီကျ၊ မကျ၊ ဆန်းစစ်တဲ့အလုပ်ကို အဲဒီ နိုင်ငံသားတွေကပဲဆုံးဖြတ်ရမယ်၊ အဲဒီပြည်သူပြည်သားတွေကပဲ သူ့နိုင်ငံရဲ့ သမိုင်းကြောင်း၊ ယဉ်ကျေးမှုနဲ့ အစဉ်အလာများကို နားလည်တယ်။ ဒီအချက်တွေက သူတို့နိုင်ငံမှာ ဒီမိုကရေစီကျင့်သုံးတဲ့အခါမှာ ဘယ်လို လွှမ်းမိုးတယ်ဆိုတာ သူတို့ပဲနားလည်တယ်လို့ လက်ခံသူတွေလဲရှိပါတယ်။ ဥပမာ စင်္ကာပူ နိုင်ငံ ရဲ့ နိုင်ငံရေးစနစ်ဟာ လစ်ဘရယ်ဒီမိုကရေစီစံများနဲ့ ကွဲပြားပါတယ်။ ဒါပေမယ့် စင်္ကာပူနိုင်ငံသားများကတော့ သူတို့စနစ်ကို သူတို့ကြိုက်တာပဲ။ ဒီစနစ်ဟာ အုပ်ချုပ်ရေးမှာ သူတို့ပါဝင်နိုင်ခွင့်ပေးသလို နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကြွယ်ဝမှုကို ပေးတယ်လို့ သူတို့ လက်ခံထားတာကိုး။ ဒါ့ကြောင့်လဲ အချို့နိုင်ငံရေး သိပ္ပံပညာရှင်များက လစ်ဘရယ်မဆန်တဲ့ဒီမိုကရေစီ Illiberal Democracy ဆိုတဲ့ စကားကို တီထွင်သုံး လာကြတာဖြစ်ပါတယ်
နောက်တစ်ခါ ဒီမိုကရေစီကျမကျ ဆန်းစစ်ရာမှာ အခြေခံရမယ့် မှတ်ကျောက်များလဲရှိပါ သေးတယ်။ ဒီမှတ်ကျောက်တွေကတော့ ဒီမိုကရေစီစနစ်ရဲ့ အခြေခံအင်္ဂါရပ်နှစ်ခုဖြစ်တဲ့ မူဝါဒဆိုင်ရာချမှတ် သူများ၊ အဖွဲ့အစည်းများအပေါ် ပြည်သူလူထုရဲ့ ထိန်းကျောင်းနိုင်မှုနဲ့ မူဝါဒချမှတ်ရာမှာ ပါဝင်တဲ့ အဖွဲ့အစည်းများအတွင်း တန်းတူညီမျှမှုဆိုတဲ့အချက်နှစ်ခုကနေ ဆွဲထုတ်ထားတာပါ။ အဲဒီမှတ်ကျောက်က တော့ ကိုးချက်ရှိပါတယ်။
တစ် ပြည်သူများရဲ့ မဲဆန္ဒပေးပိုင်ခွင့်။
နှစ်။ ဥပဒေပြုအဖွဲ့အစည်းများ၏ ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မားမှု
သုံး။ လူမျိုး၊ ဘာသာ၊ လိင်ခွဲခြားမှုမရှိဘဲ နိုင်ငံရေးစနစ်တွင် ကိုယ်စားပြုပါဝင်နိုင်ခွင့်။
လေး။ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်တာဝန်ခံမှုရှိခြင်း။
ငါး။ ပွင့်လင်းမှုရှိခြင်း။
ခြောက်။ ပြည်သူ့ဆန္ဒကိုဖော်ပြနိုင်သည့် စနစ်နှင့်အဖွဲ့အစည်းရှိခြင်း၊ ထိုဆန္ဒများကို နိုင်ငံရေးအဖွဲ့အစည်းများက တုန့်ပြန်ဆောင်ရွက်မှု ရှိခြင်း။
ခုနှစ်။ နိုင်ငံသားများရဲ့ အခွင့်အရေးနှင့်တာဝန်များ။ ( လူ့အခွင့်အရေး၊ စီးပွားရေးနှင့်လူမှုရေးအခွင့်အရေး စသည်ဖြင့်)
ရှစ်။ တရားဥပဒေစိုးမိုးမှု Rule of Law
ကိုး။ လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ။
ဒီတော့ သက်ဆိုင်ရာတိုင်းပြည်မှာရှိတဲ့ ပြည်သူများ၊ အဖွဲ့အစည်းများက မိမိတို့ နိုင်ငံရေး စနစ်ကို အထက်ပါမှတ်ကျောက်များနဲ့ တိုင်းတာအကဲဖြတ်ဖို့ပါဘဲ။ ဒီနေရာမှ သတိပြုဖို့က ဒီလိုအကဲဖြတ်တဲ့အခါ အပြင်က သတ်မှတ်ပေးတဲ့ အောင်မှတ်လဲမရှိပါဘူး၊ ဘယ်နိုင်ငံက စံကိုမှီမှဆိုတဲ့ စံကိုမှီမှရယ်လို့လဲ မရှိဘူးလို့ ဆိုပါတယ်။ သက်ဆိုင်ရာနိုင်ငံရှိ ပြည်သူအများစုရဲ့ ကျေနပ်နှစ်သိမ့်မှုက တိုင်းတာရမယ့် စံပဲဖြစ်ပါတယ်။ ဥပမာ။ သတင်းစာများဟာ အနောက်နိုင်ငံများမှာလိုရေးတာ၊ ဓာတ်ပုံတွေဖော်ပြရာမှာ လွတ်လပ်မှုရှိခြင်မှ ရှိမယ်။ သို့သော် သက်ဆိုင်ရာပြည်သူများက အခုရနေတဲ့ အခွင့်အရေးဟာ သူတို့ရဲ့ အမြင်ကိုဖော်ပြဖို့ လုံလောက်တယ်ဆိုရင် အဲဒါဟာပြည်သူများလိုချင်တဲ့ ဒီမိုကရေစီစံဖြစ်တယ်လို့ ဆိုပါတယ်။ နောက်တစ်ခါ ဒီအကဲဖြတ်ချက်ဟာ အခြားလူမှုရေး၊ စီးပွားရေး စံများဖြစ်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့၊ ဆင်းရဲမွဲတေမှုလျော့ချနိုင်တာတို့၊ ပညာရေးဖွံ့ဖြိုးမှုတို့နဲ့လဲ ဆက်စပ်အကဲဖြတ်ရမယ်လို့ ဆိုပါ တယ်။
အားလုံးပြန်ချုပ်ရင်တော့ ဒီအယူအဆကိုတင်ပြသူတွေက ဒီမိုကရေစီစနစ်ဆိုတာ ဘာစံတွေ ပြည့်စုံရမယ်ဆိုတာ သချာင်္နည်းနဲ့ တိတိကျကျ သတ်မှတ်လို့ မရဘူး၊ ဒီမိုကရေစီအခြေခံမူတွေအပေါ်မှာ သက်ဆိုင်ရာကာယကံရှင်တွေရဲ့ ကျေနပ်လက်ခံမှုနဲ့ပဲ တိုင်းတာရမယ်။ နိုင်ငံရေးသက်သက်နဲ့မဟုတ် စီးပွားရေး၊လူမှုရေးစတဲ့ ပတ်ဝန်းကျင်ကြောင်းချင်းရာတွေနဲ့လဲ ဆက်စပ်အကဲဖြတ်ရ မယ် လို့ ဆိုလိုတာပါပဲ။
ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးကလဲ ဒီမိုကရေစီဆိုတာပဲပြောနေကြ၊ ဒီမိုကရေစီကျတယ်။ မကျဘူး ငြင်းနေကြတော့ ဒီအယူအဆလေးဟာလဲ ထည့်စဉ်းစားသင့်တဲ့ အချက်ဖြစ်မယ်လို့ ထင်ပါတယ်။ လစ်ဘရယ်ဒီမိုကရေစီမှ၊ ဟိုနိုင်ငံပုံစံနဲ့တူမှ ရယ်လို့ တရားသေ စွဲမှတ်ထားသူများကတော့ လက်ခံနိုင်မယ်မထင်ပါဘူး။ ဘာပဲဖြစ်ဖြစ် Food for Thought တွေးစရာ တစ်ခု အနေနဲ့ ဝေမျှလိုက်တာပါ။

0 comments: