ကြီးနှစ်ကြီးနဲ.ဘိရုမာ ( ၂ )

Monday, June 23, 2008
(ဒုတိယပိုင်း).....

အဲဒိလို အိန္ဒိယ က ဘယ်လိုပဲ မြန်မာစစ်အစိုးရ ဟာ တရုတ် နိုင်ငံ ရဲ့ လွှမ်းမိုးမှု လျှော့ချချင်နေတယ်ပဲဆိုနေနေ၊ ဘယ်လိုပဲတွက်ဆ နေနေ၊ အခုချိန်အထိတော့ အကြည်တော် ဆွေမျိုးပေါက်ဖော် တရုတ်နိုင်ငံကြီးက ပန်းပန်လျက်ပဲ လို့  ဆိုနိုင်လောက်အောင်၊ မကြာသေးမီကပဲ မြန်မာစစ်အစိုးရ ဟာ ရခိုင် ကမ်းလွန် ဒေသ လုပ်ကွက် Block A-1 က ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့  အမြောက်အများ ကို တရုတ်ကို ရောင်းချ ဖို့ သဘောတူခဲ့ပါတယ်။

ဒီလုပ်ကွက် ဟာ တကယ်တော့ အိန္ဒိယ ကုမ္ပဏီ ၂ ခု နဲ့ ဒေ၀ူး အုပ်စုတို့  နဲ့ စဖွင့်ထားခဲ့တာပါ။ ရန်ကုန်သံတမန်အသိုင်းအ၀န်းအဆိုအရ ဒီ လုပ်ကွက်က သဘာဝဓာတ်ငွေ့  တွေကို အရင်သဘောတူထားချက်အရ အိန္ဒိယ နိုင်ငံ ဆီ ပင်လယ် အောက် က တဆင့် သွယ်တန်းတင်ပို့ ပေး ရမယ့်အစား တရုတ်နိုင်ငံ ဘက်ကို မြန်မာအစိုးရက အောက်ဈေး နဲ့ လက်သိပ်ထိုးရောင်းချ လိုက် တာ ဖြစ်ပါတယ် လို့ ဆိုပါတယ် ။
.
.
...

ဒီလို ဗိုက်နာလို့  အောက်ဈေး (အရပ်စကား အရဆိုရင်တော့ သူခိုးဈေး ပါပဲ) နဲ့ ရောင်းချပေးလိုက်ရတဲ့  အပြန်အလှန် အပေးအယူ ရလာဒ်တွေ ကတော့ တရုတ်နိုင်ငံက “မြန်မာ့အရေး သူ့  ပြည်တွင်းရေး၊သု့  ပြည်တွင်းရေး” သာဖြစ်တယ်လို့ တွင်တွင်အော် ပေး ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ နအဖ စစ် အစိုးရ ကို ဗွီတို အာဏာသုံးပြီး ကာကွယ်ပေး ထားရမှာဖြစ်ပါတယ်။ သိမ်သိမ်မွေ့ မွေ့ ဆိုရရင်တော့ မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေကို ကာကွယ်ပေးဖို့  Diplomatic backing ဆိုတဲ့  သံတမာန်ကျောထောက်နောက်ခံ ပေးထားခြင်းပါဘဲ။

ဒါပေမယ့် အုပ်ချုပ်သူ အာဏာပိုင်တွေသာတရုတ်ဆီက အဲဒိလို အကာအကွယ် တွေရနေပေမယ့် တစ်ကယ့် မြန်မာ ပြည်နဲ့ မြန်မာပြည်သူတွေ အတွက်တရုတ်က ကာကွယ်ပေးထားတာလား၊ ဘာလားဆိုတာကတော့ နယ်စပ်မျဉ်းနားက မြို့ တွေ ကို ယှဉ်ကြည့် လိုက်ရင်ကို မြင်သာပါတယ်။

မိုးမြေ၊ ဆီ ရေ၊ လု တို့  ပြည်၊ ၀ တို့ မြေ

ပြောရရင် မြန်မာပြည်နဲ့ ထိနေတဲ့ တရုတ်နယ်စပ် ပြည်နယ် မြို့ တွေဟာ ပင်
လယ်ထွက်ပေါက်မရှိ ကုန်းတွင်းပိတ်နေတဲ့ စီးပွားသေဒေသတွေဖြစ်ပါတယ်။ ဒါပေမယ့် ဟန်းဖုန်းတွေ ဖောင်းပွ ပေါများ ပြီး အေတီအမ် (Automated teller machine) ငွေထုတ်စက်တွေ လမ်းဘေးတစ်လျှောက်ထားပေး ထားတဲ့ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ တရုတ် နယ်စပ် မြို့ ရူအိလီ် (Ruiili) ကနေ လမ်းတစ်လျှောက်စာမျှနဲ့  အချိန်ယန္တရားနောက်ပြန်ရွှေ့ လိုက်တဲ့အလား ခင်ဗျား ၁၉၇၀ ခုနှစ် ဆီ ပြန် ရောက်သွားနိုင်ပါတယ်။ အဲဒိမှာ အိမ်ရှေ့မှာတည်ထားတဲ့ဈေးဆိုင်ငယ်လေးတွေနဲ့ ဂျပန်နိုင်ငံက သုံးမရတော့လို့ ပစ်လိုက်တဲ့ ကားအိုကားစုတ်တွေ၊ဆိုင်ကယ်တွေ တွေ့ ရမယ့် မြန်မာ မြို့  ကလေးဆီရောက်သွားမှာမို့ ပါပဲ။
မြန်မာပြည်ဘက်က အကောက်ခွန်နဲ့ လ၀က စစ်ဆေးရေးဂိတ် ၅ ခုမျှ ဖြတ်အပြီးမှာ လားရှိုး ဆိုတဲ့မြို့  ကလေးကိုရောက်သွားခဲ့မယ်ဆိုရင်တော့ အဲဒိက စပြီး တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံ အပေါ် စီးပွားရေးအရကျူးကျော် နယ်ချဲ့ သိမ်းပိုက် ထား မှု (Economic Invasion) ကို အထင်အရှားစမြင်တွေ့ နိုင်ပြီဖြစ်ပါတယ်။
ကူဗလိုင်ခန်ခေတ်က မွန်ဂို တွေ သိမ်းပိုက်ခဲ့တဲ့ တရုတ်နယ်စပ် ယွန်နန် ပြည်နယ် ရူအိလီ (Ruili) မြို့ ကိုမျက်နှာမူထားတဲ့ မြန်မာ့နယ်စပ်မူဆယ်မြို့ ကလေးမှာ ၁၂ ဘီးကားကြီးတွေစီနေတဲ့ ကုန်တင်ကားတန်းရှည်ကြီးကို စမြင်ရမှာဖြစ်ပါတယ်။ အဲဒိကားတန်းကြီး ဟာ သွင်းကုန်ထုတ်ကုန်စစ်ဆေးရေး ဂိတ် တွေကိုဖြတ်ဖို့ စုစုပေါင်း တစ်ကီလိုမီတာမျှ ရှည်လျားတဲ့ကားတန်းကြီးကို စောင့်နေတာပဲဖြစ်ပါတယ်။ ဒီ ၁၂ ဘီး ကားကြီးတွေပေါ်မှာတော့မြန်မာ့သစ်တော တွေက ခုတ်လာတဲ့ အဖိုးတန် ကျွန်းသစ် တွေ က တရုတ်ပြည်ရဲ့ သစ်အချောထည်စက်ရုံတွေ၊ဈေးကွက်တွေဆီသွားဖို့ ပဲဖြစ်ပါတယ်။

နောက်တစ်ခါ ထရပ်ကားကြီးတွေပေါ်မှာ ပြည့်သိပ်တင်လာတာကတော့ တန်းမြင့်ဖရဲသီး နဲ့  သီးနှံတွေဖြစ်ပါတယ်။ ဒီ ဖရဲတွေဟာ တရုတ်စီးပွားရေးသမားတွေက မြန်မာဘက်မှာ လယ်မြေကွက်တွေနှစ်ရှည်ငှားရမ်းပြီး မြန်မာလုပ်သားတွေကို လုပ်ခဈေးပေါပေါနဲ့  ခိုင်းစေစိုက်ခိုင်းပြီးထွက်ရှိလာတဲ့ မြန်မာ့မြေကထွက်ကုန်တွေပဲဖြစ်ပါတယ်။ မြန်မာအမျိုးသားတွေ အများစု တရုတ်ဖြစ် နံပါတ်မပါလိုင်စင်မဲ့ဆိုင်ကယ်လေးတွေဥဒဟိုစီးနေတာလဲအဲဒိမှာ မြင်နိုင်ပါတယ်။တစ်ချို့ ကအထက်မြန်မာပြည်မြို့ တော် မန္တလေးအထိဦးတည်လို့ ပေါ့။

မြန်မာ့လယ်ယာမြေတွေပေါ်မှာ တရုတ်ပြည်ကစီးပွားရေးသမားတွေဟာ အဲဒိလိုနည်းနဲ့  ဖရဲ၊ ကြံ၊ နာနတ် နဲ့ ဇီဝလောင်စာအတွက်လိုအပ်တဲ့ကုန်ကြမ်းပင်တွေစိုက်ပျိုးပါတယ်။ မြေယာနဲ့ လယ်မြေ အများစု ဟာ မြန်မာ စစ်တပ် ထိန်းချုပ်မှု ပိုင်ဆိုင်မှုအောက်က တရုတ်စီးပွားရေးသမားက ပြန်ငှားရတာပါ။

ဆုပေး၊ လာဘ်ပေး ညိမ်းချမ်းရေး

နောက်တစ်ခါ မြန်မာနိုင်ငံဧရာဝတီမြစ်ကနေ စုန်ဆင်းလိုက်ရင်ရောက် နိုင်မယ့် တရုတ်နိုင်ငံ နဲ့ နီးစပ်တဲ့ ဗန်းမော် ဆိုတဲ့မြို့ ကလေးမှာလဲတရုတ်နိုင်ငံဘက်အထိ လမ်းပေါက်မယ့် နယ်စပ်လမ်းမကြီး ကို ဘိန်းဘုရင်လောစစ်ဟန် ရဲ့ သား စတီဖန်လော (Stephen Law) ဆိုတဲ့လူက ဖောက်လုပ်နေပါတယ်။

ဒီစတီဖန်လော ဟာ စင်္ကာပိုးရီးယန်းသူနဲ့ လက်ထပ်လို့ စင်္ကာပူရ်မှာ အခြေချ နေထိုင်ပြီး မြန်မာပြည်နဲ့  စီးပွားရေးလုပ်ငန်းကြီး တွေမောင်းနှင်နေသူလို့ ဆိုပါတယ်။ ဒီ ဗန်းမော် လမ်း ပရောဂျက်ကြီးကတော့ ၁၉၉၂ ခုနှစ်က ဘိန်းဘုရင်လက်နက်ချ ခြင်းအတွက် စစ်အစိုးရက ချီးမြှင့်ထားတဲ့စီးပွားရေး လုပ်ကွက်တွေထဲကတစ်ခုပါ။ (ဗန်းမော်ဆိုလို့ အခုလို အချိန်၊ အခုလို ခေတ် မှာ ကျွန်တော်တို့ ခေတ်နဲ့  မမီလိုက်တဲ့ ဆရာကြီး ဗန်းမော်တင်အောင် များရှိခဲ့ရင်ဘယ်လို အမျိုးသား စာပေ တွေများ ထွက်လာမလဲလို့ တွေးမိပါသေးတယ်။) ။

ဒါ့အပြင် ရှမ်းတောင်ကုန်းမြင့်ဆီက မြို့ တွေကို ကြည့်လိုက်ရင် မြန်မာ စစ်အစိုးရက ဘိန်းစိုက်ပျိုးမှုလျှော့ ချရေး လို့ ကြွေးကြော်နေုတဲ့ နယ်မြေတွေကို တွေ့ နိုင်ပါတယ်။ ဒီ ရှမ်းပြည်နယ် အရှေ့ ပိုင်းနယ်မြေတွေမှာ တရားမ၀င် ကစားပွဲတွေလို့ ဆိုနိုင်လောက်တဲ့စီးပွားရေးတွေကတော့  အက်ဖီတာမင်းဆိုတဲ့ စိတ်ကြွဆေးထုတ်လုပ်နေတဲ့ လျို့ ဝှက်ဓာတ်ခွဲခန်းကြီးတွေပါပဲ။ ဒီ စိတ်ကြွဆေးတွေဟာတရုတ်ပြည်သာမက ၊ ထိုင်းနိုင်ငံ ကို ဖြတ်ပြီး အရှေ့တောင်အာရှ နဲ့  ပစိဖိတ်သမုဒ္ဒရာက်ုဖြတ်သန်းစီးဆင်းနေပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကို သံတမန် နည်းလမ်းအရ ကျောထောက်နောက်ခံ ပေးထားရတဲ့ အတွက် အပေးအယူ ကတော့ တရုတ်နိုင်ငံကို ရေနံ ၊သဘာဝဓာတ်ငွေ့  ၊တွင်းထွက် ၊ခြံထွက်၊ နဲ့ ကျွန်းသစ်စတာတွေ ပြန်ပေးရခြင်းပါပဲ။ အဲဒိ မြန်မာ-တရုတ် စီးပွားရေးဆက်ဆံမှု ဟာ အစိုးရပိုင်း အုပ်ချုပ်သူအဆင့်တွေအတွက်ရေနံ၊သဘာဝဓာတ်ငွေ့ နဲ့ ကျွန်းသစ် အပါအ၀င်သဘာဝသယံဇာတ တွေ ဖြစ်ပြီး မှောင်ခိုအဆင့်တွေအတွက်တော့ မူးယစ်ဆေးဝါး နဲ့ အမျိုးသမီး လူကုန်ကူးမှုတွေပဲဖြစ်ပါတယ်။

နေရစ်ခဲ့တော့ မလက္ကာ

ဆိုခဲ့တဲ့အတိုင်း ဒီစစ်တွေဆိပ်ကမ်းကြီး က တရုတ်နိုင်ငံအ တွက် တစ်ကယ့်ကိုရွှေပါပဲ။ အကြောင်းက သူတို့ ရဲ့ ကုန်တင်သင်္ဘော Cargo တွေ ၊ ဧရာမ ရေနံတင်သင်္ဘောကြီး (Giant tankers)တွေ ဟာ အရှေ့အလယ်ပိုင်း နဲ့ အာဖရိက ကနေ ပြည်မကြီးရောက်အောင် မလက္ကာ ရေလက်ကြားကနေ ပတ်ပြီး တင်သွင်းမောင်းခုတ်နေရတဲ့ ဘ၀ ကနေ ရှောင်ကွင်းနိုင်တော့မှာဖြစ်ပါတယ်။ ဒီ Strait of Malacca ဆိုတဲ့ မလက္ကာ ရေလက်ကြား ဟာအမေရိကန်ရေတပ် နဲ့ သူ့ ရဲ့ မဟာမိတ်တွေထိန်းချုပ်ရာ ဒေသကြီးဖြစ်တဲ့အတွက် မချစ်သော်လည်းအောင့်ကာ နမ်းဆိုသလို မသုံးမဖြစ်လို့ သာ ဖြတ်သန်းနေရတာပါ။ ဒါ့အပြင်အမြတ်အစွန်း အနေနဲ့ က မလက္ကာ ရေလက်ကြား ကိုမဖြတ်ရတော့မှာ မို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှာ ရေမိုင်ခရီးများစွာ လျှော့ချနိုင်မှာ ဖြစ်တဲ့အတွက် စရိတ်စကများစွာလျော့ချနိုင်တော့မှာဖြစ်ပါတယ်.. တောင်တရုတ် ပင်လယ် (South China Sea) ထဲရောက်ဖို့ မလက္ကာ ရေလက်ကြား ခရီးရှည်ကြီး ကို ဘယ်လို ကွေ့ ပတ်ဖြတ်ရတယ်ဆိုတာပုံမှာကြည့်ပါ။












ဒီလိုမြင်သာထင်သာတဲ့ရေနံတင်သင်္ဘောတွေအပြင် နောက်ထပ်အကျိုးအမြတ်က တော့ တရုတ်ဖြစ်လက်နက်တွေ ကို ရခိုင်ပြည်ဆိပ်ကမ်းကတဆင့် အာဖရိက ဆီ တင်ပို့ ရောင်းချ ရေးမှာ မလက္ကာ ရေလက်ကြားကိုဖြတ်စရာမလိုတော့တဲ့အတွက် ပိုမို စိတ်ချ လွယ်ကူ သွားစေမှာဖြစ်ပါတယ်။
(အဆင်ပြေရင်တော့ ဒီ စစ်တွေဆိပ်ကမ်းသစ် ၊တရုတ်နဲ့  မလက္ကာ ရေလက်ကြား၊ စင်္ကာပူ ဆိပ်ကမ်းအာဏာပိုင် (PSA) နဲ့ မလေးဆိပ်ကမ်းတွေ အကြောင်းတင်ပြပါဦးမယ်။)

မြန်မာ့အရေး…ပြည်တွင်းရေး

တကယ်တော့ စဉ်းစားကြည့်ရင် သူတို့  ပြည်မကြီး ဖြစ်တဲ့ တရုတ်ပြည် တွင်း မှာတော့ တရှိန်ထိုးတိုးတက်လာတဲ့စီးပွားရေး ဈေးကွက်၊ စက်မှုဈေးကွက်ကြီးမှာတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ဖိတ်ခေါ်လုပ်နေလိုက်တာ၊ အမေရိက အပါအ၀င် အနောက်တင်မက အရှေ့ပေါင်းစုံက ကုမဏီပေါင်းများစွာ နည်းပညာပေါင်းများစွာ နဲ့ တံခါးဖွင့် လုပ်ဆောင်နေတာပါ။

ဒါပေမယ့် တစ်ဖက်မှာတော့ မြန်မာနိုင်ငံကို အထီးကျန် ဆန်နိုင်သမျှ ဆန်လေ၊ ကမ္ဘာနဲ့  အဆက်အသွယ်ပြတ်လေ..သူတို့ ကိုပို မှီခိုလေ၊ သူတို့ ရဲ့ လွှမ်းမိုးမှု ပိုရလေ၊ သူတို့ စီးပွားရေးသမားတွေ အကျိုးရှိလေ မို့ ဒီမိုကရေစီ ဆိုတာ မစားကောင်းတဲ့အသီးလို့ တံဆိပ်တပ်ပေးလိုက်တာပါဘဲ။ တစ်ဖက်မှာတော့ ကမ္ဘာ က ကြားကောင်းရုံလေး..ဟုတ်သားပဲလုပ်လိုက်ပါအမျိုးသားပြန်လည်သင့်မြတ်ရေးတို့ ဘာတို့ တစ်ချက်တစ်ချက် သံကောင်း လေး ထထ ဟစ်ပေးနေဦးမှာပါ။

ဒီလို အရှေ့ဖက်မှာ တရုတ် စီးပွားရေးစားကျက် တွေ ကမူဆယ်၊ လားရှိုး၊ ပြင်ဦးလွင်၊ မေမြို့ မန္တလေး ကနေ ရန်ကုန် ၊စစ်တွေ ကျောက်ဖြူအထိ ခရီးပေါက်နေပြီ ဖြစ်သလို ၊အနောက်ဖက်မှာလဲ စင်ပြိုင် အိန္ဒိယ စီးပွားရေးဈေးကွကလမ်းကြောင်း က စစ်တွေ လမ်း ၊အပြင် အင်ဖာ - ကလေး၊မှတဆင့် မြစ်ကြီးနား မန္တလေးအထိ လီဒိုလမ်းကြီး နဲ့ တိုက်ရိုက်လမ်းဖောက် ဆင်းချလာဖို့ တာစူနေပါပြီ။ မြစ်ကြီးနား မန္တလေး ကမြေဈေး၊အိမ်ဈေးတွေ ဒီထက် ဒီ ဆထက်များစွာ တိုးလာဦးမယ်ဆိုရင်တောင် သေချာတာတစ်ခုကတော့ ဒေသခံ မြန်မာပြည်ဖွားတွေ က မြို့ စွန်နယ်ဖျား၊ မြို့ သစ်ကလေးတွေ ဆီ ပိုပိုပြီး ခြေဦးလှည့်ရတော့မှာ ဘဲ စိုးရိမ်မိပါတယ်…စ်ုးရိမ်မိစေတဲ့အကြောင်းတွေကလဲရှိနေ ရှိပြီးခဲ့ပါပြီ..

ပေါချောင်ကောင်း ခွင်၊ လက်မလွတ်ချင်၊

ဒီ အိန္ဒိယသမုဒ္ဒရာထွက်ပေါက် စီမံကိန်းကြီးရဲ့ ဆွဲဆောင်မှုကြောင့် စီးပွားရေး ငမ်းငမ်းတက် လုပ်ချင်နေတဲ့ တရုတ်စွန့် ဦးတီထွင်လုပ်ငန်းရှင်တွေနဲ့ကုန်သည်တွေအတွက် ကတော့ မြန်မာနိုင်ငံလေးဟာ တံခါးမရှိ ဓားမရှိ ဖွင့်ထားတဲ့ လွတ်လပ်သော ဈေးကွက် ကြီး ဖြစ်လာနေ ပါပြီ။

အဲဒိလို မြန်မာပြည်အတွင်းမှာ ဖရဲ ၊သခွားစိုက်တာမျိုးလေးကအစ လုပ်ခဈေးပေါ ပြီး အောက်ဈေးနဲ့ ပေါချောင်ကောင်း သဘာဝ သယံဇာတ အဆီအနှစ်တွေ ရတတ်တဲ့ ခွင် ကလေးတွေရှိတဲ့အတွက် တရုတ်စီးပွားရေးသမားတွေ မြန်မာပြည်တွင်းမှာခြေချင်းလိမ်နေလိုက်တာ နောက်ဆုံးကုန်သွယ်၊ခြံစိုက်တင်မကတော့ဘဲ၊ မြန်မာ မြို့  ကြီးတွေ ရဲ့ စက်မှုဇုံတွေထဲအထိပစ်ဝင်လာနေပါပြီ။

ဥပမာ ပြရရင်တော့ တရုတ်နိုင်ငံ ၀မ်ကျု (Wenzhou) မြို့ က ကုန်ပစ္စည်း ထုတ်လုပ်သူ မစ္စတာလင်း ဟာ နယ်စပ် ဘော်ဒါ စည်းကို ဖြတ်ပြီး ရန်ကုန်မှာရှိတဲ့ သူ့ ပိုင်စက်ရုံ ကိုဥဒဟို သွားလာ ပြီး စီးပွားရေးကို ဇောက်ချလုပ်နေနိုင်ပါပြီ။ အဲဒိသူပိုင်စက်ရုံမှာ မြန်မာ အလုပ်သမား အယောက် ၄၀ ခန့် အလုပ်ခန့် ထားပြီး သူ ပိုင် သတ္ထုထည် လုပ်ငန်းကြီးအတွက် မြန်မာ အလုပ်သမား တစ်ဦး ကို တစ်လမှ ဒေါ်လာ ၃၀ ခန့်  သာ ပေးရတဲ့အတွက် “ဒါမျိုး ပြည်မကြီးမှာတောင်မရတော့ ဘူး..တန်လိုက်တာ..” လို့ တောင်ဆိုချင်ပါတယ်..

အကြေ၊ အညာ၊ နဲ့ ပုဂံ ကို လာမယ်ဆိုတဲ့ ကွန်ဖျူးရှပ် ..

ရန်ကုန်တင်မကပါဘူး။ပြင်ဦးလွင်ခေါ်မေမြို့ မှာလဲ တရုတ် ပြည်မကြီး ကစီးပွားရေး သမားတစ်ဦးကလဲ အခြေအနေတွေက အခုမှတဖြေးဖြေးကောင်းလာနေတယ်လို့ ဆိုပါတယ်။ ပြင်ဦးလွင် ဆိုတာဆိုရရင်တရုတ်နယ်စပ်နဲ့ ခရီးသိပ်မဝေးတော့လို့ ဒီလို စီးပွားရေး ကူးလူးဆက်ဆံမှု ဟာ ဖြစ်ရိုးဖြစ်စဉ် ပါလို့ ဆိုရင်ဆိုနိုင်ပါသေးတယ်။


ဒါပေမယ့် မြန် မာ နိုင်ငံ နဲ့  မြန်မာတွေ ရဲ့ အသည်းနှလုံး လို့ ဆိုရမယ့် ရှေးဟောင်းမြို့ တော် ဖြစ်တဲ့ ၊ ပုဂံ မှာ တရုတ်အမျိုးသား စီးပွားရေးသမား တစ်ဦး က “ကွန်ဖျူးရှပ် အသက်မွေးပညာသင်ကျောင်း” (Confucius Institute) ဆိုတဲ့ စီမံကိန်း ကြီး ကိုအကောင်အထည်ဖော်ဖို့  သူ ကူညီ လုပ်ဆောင်နေပေး ပါပြီ ဆိုတဲ့သတင်း စကား ကို ဖတ်ရ ကြားရတဲ့ အခါမှာတော့ သြော်….လို့ တောင် မရေရွတ် နိုင်တော့ပါဘူး ။


ဒီကွန်ဖျူးရှပ် ကျောင်း ဆိုတာ က တကယ်တော့အသစ်အဆန်းမဟုတ်ပါဘူး။ ရည်ရွယ်ချက်က တရုတ်ဘာသာစကားနဲ့ ယဉ်ကျေးမှု ကမ္ဘာမှာ ပြန့် ပွား ရေး၊ တရုတ်ဘာသာစကား သင်ကြားပေးရေးပါပဲ။ ဘီဂျင်းခေါ် ပီကင်းအခြေစိုက် ဖြစ်ပြီး ကမ္ဘာ နိုင်ငံ အနှံ့ အပြားမှာ ဖွင့်ထားပြီးတာကြာလှ ပါပြီ။ အမေရိကား၊ အာဖရိက၊ ဥရောပ ၊ အာရှ ၊ အိန္ဒိယ မကျန် ဒီကွန်ဖျူးရှပ် ကျောင်းတော်တွေ ကို စီမံကိန်း ကြီးချပြီး ဖွင့်ထားခဲ့ လိုက်တာ ကမ္ဘာ့နိုင်ငံပေါင်း ၅၂ နိုင်ငံ က တက္ကသိုလ် ကြီးတွေ မှာ ရှိနေ ပါ ပြီ။

ဒါပေမယ့် အဲဒိနိုင်ငံ တွေမှာ ဖွင့်ထားပုံမျိုး က တက္ကသိုလ် ကြီးတွေ က သက်ဆိုင်ရာ ကျောင်းတွေ အောက်မှာ ပူးတွဲ ဖွင့်ထားတတ်တာမျိုးပါ။ ဥပမာ ပြရရင် အမေရိက နိုင်ငံ မီချီဂန် တက္ကသိုလ် ၊ ချီကာဂို တက္ကသိုလ် Public School အောက်မှာ ၊ Asia studies လိုမျိုးရဲ့ အောက်မှာ၊ အိန္ဒိယမှာဆို ဂျဝါဟာရာနေရူး တက္ကသိုလ် အောက်မှာ၊ တွဲဘက်ဖွင့်ထားတတ်တာမျိုးပါ။ တရုတ်ဘာသာစကား ဟာ တရုတ် ရဲ့ တံခါးဖွင့် စီးပွားရေး ဖွံ့ ဖြိုးလာတာနဲ့ အမျှ ကမ္ဘာကုန်သွယ်မှု မှာ အရေးပါလာတဲ့အချက်က ငြင်းမရတာအမှန်ပါ။၊ အနောက်နိုင်ငံသားတွေ တောင်တရုတ်စကားကို မွှတ်နေအောင်ပြောတတ်အောင်သင်ယူနေတဲ့ကာလမှာ ဒီလို တရုတ် ဘာသာစကား ကို အသက်မွေးဝမ်းကျောင်းနိုင်တဲ့အဆင့်အထိ မြန်မာပြည်မှာ ဖွင့်လာနိုင်တာမျိုး ကလဲတွေးကြည့်ရင် အကျိုးတော့မယုတ်ပါဘူး။ ဒါပေမယ့် ရန်ကုန် တက္ကသိုလ် လိုမျိုး ၊မန္တလေး တက္ကသိုလ်လိုမျိုး တွေ က ဌာနတစ်ခုခုအောက် မှာ တွဲဖက်သွားမဖွင့်ပဲ ပုဂံလို ရှေးဟောင်းမြို့ မှာ ဖွင့်မယ့်သတင်းစကား အမှန်ဆိုရင်တော့ အင်မတန်ကို သုံးသပ်ဆန်းစစ် ရမယ့် အချက်ပါ။

ဒါဟာ မြန်မာရှေးဟောင်းယဉ်ကျေးမှု မြို့ တော် ပုဂံမှာ ၊ ဟိုး Beijing ဘီဂျင်း (ပီကင်း) အခြေစိုက် Soft Power ဆိုတဲ့ အနုနည်းနဲ့ စီးဆင်းလာမယ့် တရုတ်ဘာသာစကားနဲ့ ယဉ်ကျေးမှု ပြန့် ပွားရေးအတွက် ခြေလှမ်းတွေထဲက ခြေလှမ်းတလှမ်းပဲ ဖြစ်ပါတယ်။ နောက်ဆို ကမ္ဘာလှည့် ခရီးသည်တွေ ကိုအဆွဲဆောင်ဆုံးဖြစ်တဲ့ မြန်မာ့ရှေးဟောင်းမြို့ တော် ပုဂံမှာ အာနန္ဒာ ဘုရား၊ရွှေစည်းခုံ စေတီ တွေနဲ့  အပြိုင် ကွန်ဖျူးရှပ် တက္က သိုလ်ကြီး ခန့် ခန့် ညားညားကြီးနဲ့ တရုတ်ယဉ်ကျေးမှု တရုတ်စကားတွေ နဲ့  ခရီးသွားလုပ်ငန်းတွေ၊ ဧည့် လမ်းညွှန်တွေ များ ပျားပန်းခတ်မတတ်ဖြစ်နေတော့မယ့်အစီအစဉ်ပါပဲ။

သုမနကျောမှာ ဒါဏ်ရာတွေနဲ့ …

ဆိုရရင် ဒီလို ရေလမ်း ကုန်းလမ်း နဲ့ နိုင်ငံတကာ ကုန်သွယ်ရေး လမ်းကြောင်းတွေပေါက်သွားမယ့်အရေး ဟာ ဒီလို ကမ္ဘာ့ အင်အားကြီး နိုင်ငံနှစ်နိုင်ငံ ၊လူဦးရေအများဆုံးနိုင်ငံကြီးနှစ်နိုင်ံ၊ ဖွံ့ ဖြိုးလာမယ့် ကမ္ဘာ့ အကြီးမားဆုံး ဈေးကွက်နိုင်ငံ ကြီး နှစ်နိုင်ငံ ကြားက မြန်မာနိုင်ငံအတွက်တော့ တိုင်းပြည်ဖွံ့ ဖြိုးဖို့ တကယ့် အလားအလာကောင်းတစ်ခုဖြစ်လာနိုင်ပါတယ်။ ဒီစစ်တွေရေနက်ဆိပ်ကမ်းဟာ ပင်လယ်ဓားပြတွေကျက်စားရာမလက္ကာ ရေလက်ကြား ကိုရှောင်ကွင်းနိုင်မယ့် ရေကြောင်းလမ်းအသစ်မို့ ဆိုရရင် ဒေသတွင်းက ဆိပ်ကမ်းတွေကို စိန်ခေါ်နိုင်မယ့် ဗျူဟာကောင်းအနေ နဲ့ လည်းသုံးသပ်လို့ ရပါတယ်။

ဒါပေမယ့် ဒီဆိပ်ကမ်းတည်ရာ ဒေသတွေ၊ လမ်းဖြတ်ရာ မြန်မာပြည်ထဲက နယ်စွန်နယ်ဖျား ဒေသတွေ ၊ မြို့ ကြီးတွေ မှာ ဘယ်လောက်အထိ တိုးတက်အောင်လုပ်ပေးဖို့ ၊ ဒေသခံတွေ အကျိုးအမြတ် ရပြီး ဖွံ့ ဖြိုးစေဖို့ ဆိုတဲ့စီမံကိန်းတွေတော့ဘယ်မှာမှ ရှာမတွေ့ ပါဘူး။ နောက်တစ်ခါ မြန်မာပြည်တွင်း ကို ဒီဆိပ်ကမ်းသစ်ကြီး အရင်းပြုပြိး ရေနံ ၊ဓာတု၊ သန့် စင်စက်ရုံတွေ၊ သဘာဝဓာတ်ငွေ့ သန့် စင်စက်ရုံတွေ၊ နည်းပညာအသစ်တွေ အတွက်နိုင်ငံခြားရင်းနှီးမြုပ်နှံ မယ့်စီမံကိန်းတွေလဲ မရှိပါဘူး။ ကုန်ကြမ်းတွေ၊လောင်စာတွေသာ ထုတ်ရောင်းပြီး၊ ဖြတ်သန်း ခယူတဲ့ ကူးတို့ ဆိပ်ကမ်းသာသာ အဆင့် သာဖြစ်သွားမှာ စိုးရိမ်စရာပါ။ မလွန်ဆန်နိုင်တဲ့ သြဇာသက်ရောက်မှုတွေ ဆိုတာက လဲ လုပ်ပိုင်ခွင့်ရထားသူများက အလဲအထပ်တွေလုပ်ခဲ့ပြီးမှကိုး….

သဘာဝတရားကြီးက မြန်မာနိုင်ငံကို အဲဒိလောက် လက်ဆောင်ကောင်းတွေပေးထားရက်နဲ့  သူများနောက်ဆွဲ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဖြစ်နေရတဲ့အဖြစ်က သူများ နိုင်ငံကြီးတေ၊ွ ၊ကိုယ့်ပြည်သူပြည်သားတွေ အချင်းချင်း ကိုတိုက်ခိုက်၊ပုတ်ခတ် တဲ့ ပျင်းစရာကောင်းတဲ့ ဆောင်ပုဒ်တွေ ထိုင် ထိုင်အော်နေမယ့်အစား ဘယ်သူ့ မှာ တာဝန်အရှိဆုံးလဲ သုံးသပ်စေချင် ပါတယ်။

ဒီလို နိုင်ငံရေး ပြန်ပေးဆွဲ ထားသလို ဒီမိုကရေစီမပေးရဖို့ အရေးနဲ့ ကိုယ့်နေရာလေးတည်မြဲဖို့ အရေးလေးတစ်ခုထဲအတွက် ကိုယ့်နိုင်ငံ ကိုယ့်မြေပုံကို အရှေ့ နဲ့ အနောက်က အိမ်နီးချင်းကြီး နှစ်ဦးကို ဖြတ်ချင်တိုင်းဖြတ်ဖို့ လမ်းခင်းပေး ရတယ် ဆိုရင်တော့ သမိုင်းတရားခံ ဖြစ်မယ့် အပြင် လတ်တလောလဲ မွဲတေ နေတဲ့ တိုင်းပြည် ဖွတ်ထက်ညစ်ဖို့ ဘဲရှိပါတော့တယ်။
ကိုယ်ခင်းပေးရတဲ့လမ်းဟာ ကိုယ်လျှောက်ဖို့ လား၊ သူ များလျှောက်သာဖို့ ကို ယ့် ကျောကို လမ်းအဖြစ် ခင်းပေး လိုက်ရတာလားဆိုတာ ကတော့ ………

ဝေးလေကောင်းလေ….ကြိုက်မှကြိုက်

အဲဒိလို “အခွင့်သာတုန်းနင်မကျုံး ၊အရှုံးနင့်ပြင်ရှိလိမ့်မည်…” ဆိုတဲ့ဆောင်ပုဒ်ကလေး လက်ကိုင် ကျင့်သုံးနေ တဲ့ဆရာကြီး နှစ်ပါး အိမ်နီးချင်း ကြီးနှစ်ကြီး ကြီး နဲ့  လက်တဆုပ်စာ ကိုယ်ကျိုးစီးပွားရှာသူလူတစ်စု ကြားမှာ မြန်မာ ပြည် သူတွေကတော့ ဒုံရင်း ဒုံရင်း ဆိုရင်တောင် တော်သေး လို့ ဆိုရမယ့်အဖြစ်ပါပဲ။

ဒါနဲ့ ..အဲဒိ ကွန်ဖျူးရှပ် တက္က သိုလ်ကြီး ကို တည်ထောင်ဖို့ စီမံကိန်းမှာ ၀င်နွှဲခွင့်ရနေ တဲ့ပြည်မကြီး ကတရုတ် စီးပွားရေးသမားကြီး ကတော့ မြန်မာနိုင်ငံ ၊ မြန်မာ ပြည်သူ ပြည်သားတွေအပေါ်ထားတဲ့သူ့  စေတနာမှန်ကို SMH သတင်းထောက်နဲ့ တွေ့ ဆုံရာမှာ ဒီလို ပြောပြသွားပါတယ်….

“ဗမာတွေ က ဒီမိုကရေစီ ရဖို့ ဒီမိုကရေစီ တိုင်းပြည်ထူထောင်ဖို့ လှုပ်ရှား နေကြတယ်လေ။ ကမ္ဘာကလဲအာရုံထားပြီး စောင့်ကြည့်လာနေတဲ့အခြေအနေပေါ့..ကျွန်တော်ကတော့ ဒီလို ဒီမိုကရေစီတွေဘာတွေ မဖြစ်စေချင်ဘူးလေ..ဒီမြန်မာနိုင်ငံ က ကမ္ဘာနဲ့ မထိတွေ့ မှ ၊ အထူးသဖြင့် အနောက်နိုင်ငံ အနောက်ကမ္ဘာ (Western countries) နဲ့ တံခါးဖွင့် စီးပွားရေးမလုပ်နိုင်မှ ၊ ကျွန်တော်တို့ လို စီးပွားရေးသမားတွေက ခိုင်မာတဲ့ ဗမာ-တရုတ် ဆက်ဆံရေး ကနေပြီး အသီးအပွင့် အကျိုးအမြတ်တွေ ရမှာကိုး.[3]” .တဲ့…

အဲဒိလိုမျိုး ကျေးဇူးရှင် တရုတ် ပြည်မကြီး ကစီးပွားရေးသမားတွေ မြန်မာပြည်သူတွေအပေါ် ရေစီးကမ်းပြိုတဲ့အလား စေတနာတွေ ကောင်းလွန်းလှပါတယ်…

အင်းလေ…“လူနာ မျက်ဖြူ ဆိုက်လေ..ဆရာကြိုက်လေ” ဆိုတဲ့ မြန်မာစကား လဲ အရှိသား..ပဲ..မဟုတ်လား..

မောင်ရင်

0 comments: