ရင်ကိုလာမှန်သောစာသားများ( ဘလော.ဂ်ပို.စ်များ )

Monday, June 30, 2008
ပိတောက်ပြေကိုပို.ပေးတဲ.အမည်ရင်းမဟုတ်တဲ.နာမည်နဲ.ရေးတဲ.လူရဲ.စကားလုံးများကိုကြိုက်လို.ပြန်တင်ထားပါတယ်။

ကိုဂျူး
ရေးတဲ့စာလေး ရင်ဝလာမှန်လို့ စာပြန်ရေးလိုက်တာပါ။ မြန်မာမှန်ရင် ဘယ်မှာရောက်ရောက် မြန်မာပဲဆိုတဲ့ အောင်ကိုလတ် သီချင်းလိုပါပဲ။ ကျွန်တော်လဲ မြန်မာတစ်ယောက်ဖြစ်လို့ မြန်မာပြည်ကိုချစ်တဲ့စိတ် တိုးတက်ချင်စေတဲ့စိတ်ရှိတာအမှန်ပါပဲ။ ကျွန်တော့်လို အခြားနိုင်ငံမှာ ကျွန်ခံနေရတဲ့သူတောင် ဒီစိတ်ရှိရင် ကိုယ့်နိုင်ငံထဲမှာ နိုင်ငံတော်လုပ်နေကြတဲ့ သူတွေ ပိုရှိမှာပဲဆိုတဲ့ အထင်နဲ့ရေးဖြစ်တာပါ။ တကယ်တော့ဗျာ တိုင်းပြည်မြန်မြန်တိုးတက်ဖို့က လိုရင်းပါ၊ ဘယ်သူပဲလုပ်လုပ်၊ ဘာစနစ်ပဲဖြစ်ဖြစ်၊ ဘယ်နည်းလမ်းပဲဖြစ်ဖြစ်၊ ကျွန်တော်တို့လို ၀ဲစားတွေအပါအ၀င် မျိုးဆက် ၃ ဆက်လောက် ပြည်သူ တွေရဲ့အိပ်မက်ပါ။ အခုတော့ ဘေးနိုင်ငံတွေကိုကြည့်ရင် ရင်အောင့်တယ်ဗျ။ အရင်က မြန်မာကိုမော်ကြည့်ခဲ့ရတဲ့လူတွေကို ကျုပ်တို့ကသခင်ကြီးခေါ်ရမဲ့ အဖြစ်မျိုး။ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က လုပ်ပြီးပြီမဟုတ်လား အ၀တ်တောင်မ၀တ်တဲ့ အရိုင်းအစိုင်းမြန်မာတွေကို ယဉ်ကျေးအောင် သိမ်းပိုက်ရတာဆိုတာမျိုး၊ အခုတော့ သိပ်တော့ထူးလှတာမဟုတ်ပါဘူးဗျာ၊ သူတို့သားမြေး၊ တီကျွတ်တွေက ကျွန်တော်တို့ကို သင်ပေးဘို့လိုတယ်လို့ အထင် စမောနေကြတုံးပါပဲ၊ ထင်လဲ ထင်လောက်အောင် တုံးပြတဲ့လူတွေက တုံးပြနေတာကိုး။ ရင်နာဖို့ ကောင်းတာက နိုင်ငံထဲမှာ နေနေကြရတဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေပါဗျာ၊ အာဏာယူထားတဲ့ အစိုးရနဲ့ အတိုက်အခံတို့ ဆန့်ကျင်ဖက်အဖွဲ့အစည်းတို့ ပြည်ပရောက်နေတဲ့လူတွေက ရပ်ကျော်ရွာကျော် ကမ္ဘာကျော်အောင်ရန်ဖြစ်၊ တစ်ဘက်က နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးဖြစ်အောင် လုပ်ပေးနေပါတယ်ဆိုပြီး ပြည်သူတွေမှာ ဘာမျှမခံစားရသေး မစားရအညှော်ခံဘ၀၊ နိုင်ငံအပြင် ကနေ အလွန်သတ္တိရှိနေတဲ့ မြန်မာတွေနဲ့ နိုင်ငံအတွင်းက ပြောရဲဆိုရဲ မထူးရှော့ တွေကလဲ ပိတ်ပေးပါ ဆို့ပေးပါ၊ မပေးပါနဲ့ ပေးသမျှ သူတို့လက်ထဲရောက်မှာလို့ အော်လိုအော်၊ နောက်ဆုံးခံရတာက ဖြစ်သမျှ င၀က်က ဒဏ်ခံဆိုသလို ပြည်သူတွေ ပါပဲ၊ အိမ်နားနီးချင်းနိုင်ငံတွေမှာ လူထုအများစုက စမတ်ဂွမ်နေချိန်မှာ ကျွန်တော်တို့ပြည်သူတွေ ငတ်တုံးပြတ်တုံး၊ အဆင်များပြေလိမ့်မလားလို့ မျိုးဆက်နှစ်ဆက်ကျော် လည်ပင်းရှည်တုံးပါပဲဗျာ။ ကျွန်တော်က ဆိုရှယ်လစ်ခေတ်ပြောင်း တော်လှန်ရေးနဲ့အတူ မွေးလာခဲ့တာဗျ၊ အဖေက ပါလီမန်ဒီမိုကရေစီကိုရွံလို့ ဆိုရှယ်လစ်စနစ်ကို ရူးသွပ်ခဲ့တဲ့လူ ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန် ရေးကြီးအောင်မြင်ရင်...ဆိုပြီး ကျွန်တော်ငယ်ငယ်က မကြာခဏ ပြောတတ်တဲ့လူ၊ အခုတော့ ပါလီမန်ဒီမိုကရေစီ ခေတ်ပျက်တာလဲကြုံ၊ ဆိုရှယ်လစ်ခေတ်ပျက်ပြီး လူအချင်းချင်း ခေါင်းဖြတ်တာလဲကြုံ၊ ဒီမိုကရေစီခေတ် တစ်ကြော့ပြန်ဖို့ စစ်ဗိုလ်တွေ တီဗီမင်းသား လုပ်နေကြတာလဲ ကြုံပြီး အခုတော့ အေးအေးဆေးဆေး ခေါင်းချသွားပါပြီ၊ ခေါင်းမချခင် အားလုံး Fail ပါပဲကွာလို့ ညည်းတွားရေရွတ် သွားလေရဲ့။ ဒီတော့ ဘယ်တော့များ တိုးတက်ခေတ်မီတဲ့ မြန်မာနိုင်ငံတော်ကြီးမှာ အေးအေးချမ်းချမ်း ကိုယ့်စီးပွားကိုယ်ရှာစားရင်း နေရလိမ့်မလဲလို့ မျှော်တော်ဇောနဲ့ မောနေကြရတာက ပြည်သူတွေပါဗျာ၊ သေတဲ့လူတွေလဲ မျှော်ရင်းမတ်တတ်က သေကုန်ကြပါပြီ၊ မစောင့်နိုင်လို့ ဒေါသမထိန်းနိုင်တဲ့လူ၊ ထုတ်ဖေါ်ပြောတဲ့ လူတွေလဲ မော်စကိုရောက်ကုန်ကြပါပြီ၊ ဒီတော့ င၀က်လို ဒဏ်ခံနေကြရတဲ့ ပြည်သူလူထုကို သနားညှာတာသောအားဖြင့် နင်တန်နင်တန်တော့ဖြစ်ဖို့ ကောင်းပါပြီ။ ဒီအတိုင်းသွားရင်ဖြင့် အချုပ်တန်းဆရာဖေ သေရာကထပြီး မြန်မာတွေစည်းကမ်းဖေါက် ထီးနန်းပျောက်ဖြစ်ပြီ ကဗျာ နောက်ဆက်တွဲကို စပ်လိမ့်မယ်ထင်ရဲ့ ကုလားမြင်သူ့အမေxxxxတော့မလို ခုမြေလျှိုးပုန်းရှောင်တဲ့ စာသွားလေးဖတ်ရတာနဲ့ တင် xxxxxx အတော် ကြိမ်းမိပါရဲ့။

ကျွန်တော်တို့လူထုကြီးမှာ ဗျာ ဆန္ဒခံယူပွဲကြီးလဲပြီးရော ငယ်ငယ်က လက်တစ်ပြတ်ဒါးသမား ရုပ်ရှင်ကို ပပ၀င်းရုပ်ရှင်ရုံမှာ တိုးတဲ့လူလိုခံစားနေရလေရဲ့၊ တိုးရင်းတိုးရင်း သံဆူးကြိုးကာတဲ့အထဲတော့ ရောက်ပါပြီ လက်မှတ်က ရမလားဆိုတာ မသေချာသေး၊ ရုပ်ရှင်ကကောင်းရဲ့လားဆိုတာ မသေချာသေး၊ ဂျပိုးကိုက် ခံရမှာ၊ သေးစော်နံမှာကတော့ အသေအချာ ရုပ်ရှင်ကကောင်းမှာဆိုတဲ့ မျှော်လင်ချက်နဲ့ သံဆူးကြိုးကာတဲ့ လမ်းကြာင်းထဲရောက်ဖို့ တိုးလိုက်ရတာ၊ ဘေးကပုလိပ်က ဆော်တာလဲခံရသေး၊ ခေါင်းပေါ်က ကျော်ခွနင်းတာလဲခံခဲ့ရသေး၊ အခုမှတော့ နောက်ပြန်ဆုတ်လို့လဲမရ၊ ဒီကြားထဲ သံဆူးကြိုးအပြင်က အလကားရုပ်ရှင်ပါကွာ ကောင်းလဲမကောင်းဘူးလို့ လာပြောနေတဲ့လူ၊ ဟိုဘက်ရုံက ရုပ်ရှင်က ပိုကောင်းတယ်လို့ လာပြောနေတဲ့လူတွေကလဲရှိ၊ လက်မှတ်ပေါက်က လက်မှတ် ရောင်းကလဲ မှောင်ခိုများများ ထုတ်ထားလို့ မျက်နှာခပ်မာမာနဲ့ ဟောက်စဖူးလ်း ဆိုင်းဘုတ်ကို တစ်ကိုင်ကိုင်၊ ရှေ့မတိုးနောက်မဆုတ်ဘေးမထွက် မြေမလျှိုး မိုးမပျံသာဘ၀ပါဗျာ....


ဘာပဲဖြစ်ဖြစ် မျိုးဆက်နဲ့ချီပြီး ဒုက္ခသုက္ခ တွေတစ်လှေကြီးနဲ့ စောင့်နေခဲ့ရတဲ့ လူထုကြီးအတွက်တော့ အပျော်လေးနဲ့ ဇတ်ပေါင်းချိန်တန်တာ ကြာခဲ့ပါပြီဗျာ။ လူထုကြီးအတွက်ငဲ့ကြပါလို့ ပြောချင်တာပါပဲ...........

ရင်နာစွာနဲ့
ရေမြင်း

0 comments: