ဗိုလ်ချူပ်အောင်ဆန်းအမှတ်တရ

Monday, July 19, 2010







စိန်ခြယ်ပန်းများနဲအတူ.....!



၁၉၄၇
အတွင်းဝန်ရုံးထဲက
သူရဲဘောကြောင်လှတဲ့
တော်မီဂန်းစက်သေနတ်သံတွေအောက်မှ
သူအသက်ပျောက်ခဲ့ရပြီ။

ရန်သူရဲ့အဖမ်းကိုဘယ်တော့မှ မခံဘူးဆိုတဲ့
သူ့ရဲ့ နည်းဗျူဟာ
အနုနည်းနဲ့ မရရင်
အကြမ်းနည်းနဲ့ ချမယ်ဆိုတဲ့
သူရဲ့ မဟာဗျူဟာ
နယ်ချဲ့တိုက်ပွဲ
ဖက်ဆစ်တိုက်ပွဲ
အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ
တိုက်ပွဲစဉ်တလျှောက်
ရဲဝံပြောင်မြောက်စွာ ဖြတ်သန်းလာခဲ့သူဟာ
ပန်းတိုင်ရောက်ခါနီးမှ
ခွေးထက်မိုက်တဲ့ တိရိစ္ဆာန်တွေလက်ချက်နဲ့
အသက်စွန့်ခဲ့ရပေပြီ။

အသက်ငယ်ငယ်နဲ့
သူကျဆုံးခဲ့ရတာ
တိုင်းပြည်အတွက်
ကံမကောင်းအကြောင်းမလှမှုတစ်ခုပေလား။

မြင့်မြတ်တဲ့ “ ဗိုလ်အောင်ဆန်း ” ရယ်
ဟောသည် မိုးကောင်းကင်အခုံးကြီးအောက်မှာ
သင့်အမည်နာမဟာ
အမြဲစီးဆင်းနေရစ်မယ့် “ ဧရာဝတီ ”ဖြစ်ပါတယ်။

သင့်အမည်နာမဟာ
အမိမြေဆီလွှာကတောင်
သရဖူဆောင်းပေးထားရတဲ့
“ ရိုးမ ” လည်းဖြစ်ပါတယ်။

သင့်ရဲ့
ကြီးမြတ်တဲ့ဝိညာဉ်ဟာ
“ ဧရာဝတီ ” လိုအမြဲစီးဆင်းပြီး
“ ရိုးမ ” လိုအမြဲထာဝရရပ်တည်နေမှာပဲဖြစ်ပါတယ်။

“ ဂန္ဒီကြီး ”
“ အန်ကယ်ဟို ”
“ ဒေါက်တာရီဇော် ”
“ မော် ”
အာရှတိုက်ရဲ့ အကျော်အမော်များနည်းတူ
ကျွန်တော်တို့တိုင်းပြည်ရဲ့ အမှောင်တွင်းထဲက
“ အောင်ဆန်း ” ဆိုတဲ့ အလင်းရောင်ထွန်းလင်းခဲ့လို့
ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။

ငါ့တိုင်းပြည်ကိုပြန်ပေး
ငါ့သယံဇာတကိုပြန်ပေး
ငါ့လေထုကိုပြန်ပေး
ငါ့ကလေးတွေကိုပြန်ပေး
ငါ့အိမ်မက်တွေကိုပြန်ပေး
သူ့ရဲ့ကြွေးကြော်သံဟာ
ယူနီယံဂျက်အလံကို ဖောက်ထွင်း
နေဝင်းနီအလံကို ဆွဲဖြဲပြီး
နွေဦးကွင်းပြင်ထဲ ထွက်လာရဲ့။

၁၉၊ ဇူလိုင်တဲ့
အားလုံးထိုင်ပြီး ငိုကြွေးခဲ့ရပြီ။

ဆောင်းမနက်ခင်းစောစောမှာ
ဝေဆာလန်းဆန်းနေသော စိန်ခြယ်ပန်းများဖြင့်
သင့်အမည်နာမအား
ကျွန်ုပ်ရှိခိုးပူဇော်ပါတယ်။

လူသားဟုခေါ်ဆိုရန်ပင် မထိုက်တန်
သင့်ရဲ့ကောင်းမြတ်မှုပြည့်လျှံနေသော အမည်နာမအတွက်
စိန်ခြယ်ပန်းများဖြင့်
ကျွန်ုပ်ရှိခိုးပူဇော်ပါတယ်။

အမိနိုင်ငံတော်ရဲ့
သံခြေချင်းကို ရိုက်ဖြုတ်ပေးခဲ့သော
သင့်အမည်နာမအား
စိန်ခြယ်ပန်းများဖြင့်
ကျွန်ုပ်ရှိခိုးပူဇော်ပါတယ်။

လင်းယုန်ငှက်တွေဝဲနေတဲ့
ဟောသည်ဆောင်းလမ်းမှာ
“ ဗိုလ်အောင်ဆန်း ” တဲ့
စိန်ခြယ်ပန်းများဖြင့်
ကျွန်ုပ်ရှိခိုးပူဇော်လိုက်ပါရဲ့။



ဗိုလ်ချူပ်ကျဆုံးခဲ့ ရတဲ့ နေ့ အမှတ်တစ်ရအဖြစ် ဖော်ဝါ့ ဒ်မေးထဲရောက်လာတဲ့ ရေးသာသူ "ကချင်မ" ဆိုသူရဲ့ 
ကဗျာလေးကို ထပ်ဆင့် ဂုဏ်ပြုဖော်ပြလိုက်ပါတယ်...
မူရင်းကဗျာရေးသူကိုမသိလို့ ကိုယ်တိုင်ခွင့် ပြုချက်တော့ မတောင်းခံနိုင်ခဲ့ ပါဘူး...

http://www.younggun.co.cc/2010/07/blog-post_19.html
အထက်ကဘလော့ ဂ်လင့် မှာတော့ မိုးဃ်ဇော်လို့ ကဗျာရေးသူနေရာမှာတွေ့ ပါတယ်...


6 comments:

ဧည့်သည် said...

တစ်ဆိမ့်ဆိမ့် တွေးရင်း တမြည့်မြည့် ခံစားရတဲ့ နေ့တစ်နေ့ပါ ။ ယူကြုံးမရနိုင်အောင် ဆွေးမြည့်ခံစားရပါတယ် ။

SHWE ZIN U said...

တမျိုးသားလုံး နလံ မထူတော့ဘူး ဗိုလ်အောင်ဆန်းရေ
လွမ်းမိပါရဲ့

Younggun said...

ကျွန်တော် စာလုံးပေါင်း နည်းနည်း မှားသွားတာပါ။ ကဗျာဆရာ ကိုမိုဃ်းဇော် ဖြစ်ပါတယ်။ သေတမ်းစာကဗျာစာအုပ်ထွက် ရှိထားတာ တွေ့ရပါတယ်။

waiwaisoe07 said...

အလွန်အင်မတန် မှ ပြောင်မြောက် တဲ့ ဂုဏ်ပြု ကဗျာ လေး တပုဒ် ပါ... ကျွန်တော် တို့ မျက်ရည် တွေ မခန်းသေးပါဖူး ဗျာ။။

win latt said...

အကိုရေ
အင်မတန်ကောင်းလှတဲ့ ကဗျာလေးကို ယူသွားပါရစေ
ပျော်၇ွှင်ပါစေ။

ရဲခေါင်သက်စိုးလွင် said...

ကဗျာလေးကကောင်းလွန်းလို့ ကျနော်လည်းယူသွားပါတယ်
်www.freedombird88.com